24 C
Yangon

သမ္မတ အမည်ခံထားသော ဗိုလ်ချုပ် စောနယ်ဒါးမြ၏ ကော်သူးလေ နိုင်ငံထူထောင်မှု ကရင်တော်လှန် ရေးနှင့် အမျိုးသားဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်နေမှုအဖြစ် KNU ကြေညာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

သမ္မတ အမည်ခံထားသော ဗိုလ်ချုပ် စောနယ်ဒါးမြ၏ ကော်သူးလေ နိုင်ငံထူထောင်မှုမှာ ကရင်တော်လှန် ရေးနှင့် အမျိုးသားဂုဏ် သိက္ခာ ကျဆင်းအောင် ပြုလုပ်နေမှုအဖြစ် ကရင်အမျိုးသားအစည်းအရုံး- KNUက ထုတ်ပြန် ကြေညာသည်။

ဇန်နဝါရီလ ၅ရက်နေ့ စောနယ်ဒါးမြ ဦးဆောင်သော Kaw Thoo Lei Army (KTLA) အဖွဲ့က ကော်သူးလေအစိုးရ ကို ဖွဲ့စည်းပြီး ကော်သူးလေ နိုင်ငံထူထောင်သည်ဟုဆိုကာ ကော်သူးလေ လွတ်လပ်ရေးနေ့ကို ကြေညာခဲ့ခြင်းသည် ကရင်အမျိုးသားအစည်း အရုံး (KNU) နှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း၊ KTLA ၏ လုပ်ဆောင်ချက်များသည် ကရင်အမျိုးသားတော်လှန်ရေး၏ ရည် မှန်းချက်များနှင့် ကိုက်ညီမှုမရှိကြောင်း KNU က ပြောသည်။

ထို့ပြင် စောနယ်ဒါးမြ သည် စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသည်သာမက KNU က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သောကြောင့် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ၎င်းကို ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO)၏ စစ်ဦးစီးချုပ် ရာထူးမှရပ်စဲ၍ KNU မှ ထုတ်ပယ်ခဲ့သည်ကို တရားဝင်ကြေညာခဲ့ပြီးဖြစ်ကြောင်း KNU က ကြေညာသည်။

စောနယ်ဒါးမြနှင့် အဖွဲ့၏ လုပ်ရပ်များသည် ကရင်လူမျိုးများ မျှော်မှန်းသည့် နိုင်ငံတော်တည်ဆောက်ခြင်း စံနှုန်းများနှင့် ကိုက်ညီမှုမရှိဘဲ “ကော်သူးလေ” ဟူသော အမည်နာမကို အလွဲသုံးစားလုပ်ကာ ကရင်တော်လှန်ရေးနှင့် အမျိုးသားဂုဏ်သိက္ခာကို ကျဆင်းအောင် ပြုလုပ်ခြင်းသာ ဖြစ်ကြောင်း KNU က ထုတ်ပြန်ပြောဆိုထားသည်။

ထို့ပြင် KNU အနေနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် တပ်မဟာ ၇ ခုလုံးတွင် ခိုင်မာသော အုပ်ချုပ်ရေးယန္တရားရှိပြီးဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အခြားတော်လှန်ရေးအင် အားစုများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း အသိပေးထားကာ အောက်ခြေမှစသော ဖက်ဒရယ်စနစ် (Bottom-up Federalism) ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း KNU ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ကော်သူးလေတပ်မတော် KTLA ကို ဖွဲ့စည်းတည်ထောင်ပြီးနောက် ၂၀၂၃ ခုနှစ်နိုဝင်ဘာလ ဒုတိယအပတ်တွင် ကော်သူးလေအစိုးရ GOK ကို ဖွဲ့စည်းခဲ့သည်။ GOK အစိုးရအဖွဲ့က ကော်သူးလေ သမ္မတနိုင်ငံတော် (Republic of Kawthoolei) ကို ထူထောင်လိုက်ပြီဟု ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

ကော်သူးလေ သမ္မတနိုင်ငံတော် ထူထောင်ရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံမှာ ပြိုကွဲပျက်စီးနေပြီဖြစ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို လိုချင်သောကြောင့် အမှီအခိုကင်းပြီး လွတ်လပ်သော နိုင်ငံတော်သစ်တခု တည်ထောင်လိုက်ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။

ကော်သူးလေ သမ္မတနိုင်ငံတော် အစိုးရအဖွဲ့ဝင် သမ္မတ တာဝန်ကို ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ရယူထားပြီး ဒုတိယသမ္မတ (၁) နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘောတို့က အသီးသီး တာဝန်ယူထားကြကြောင်း၊ ဝန်ကြီးချုပ် တာဝန်ကို စောဖိုးသူးလေနှင့် ကာကွယ်ရေးဝန်ကြီးနေရာကို စောဒေးဗစ်လောဒူး တို့က ယူထားပြီး ကော်သူးလေ သမ္မတနိုင်ငံတော်တွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ဘဏ္ဏာရေး၊ သစ်တော၊ လယ်ယာ၊ သတ္တု၊ ကျန်း မာရေး စသည့် ဝန်ကြီးဌာန ၁၆ ခုပါဝင်ကြောင်း သိရသည်။

KTLA ၏ စစ်ဦးစီးချုပ်လည်းဖြစ် ကော်သူးလေ သမ္မတနိုင်ငံတော်၏ သမ္မတလည်းဖြစ်သူ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြ သည် KNU ဥက္ကဌ ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သား ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article