25 C
Yangon

မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာသို့ အင်အား ၂၅၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးထားကြောင်း၊ ယင်းအပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း၊ ယင်းစစ်တပ်စစ်ကြောင်းမှာ ယမန်နေ့ က မင်းတုန်းမြို့မှ အတုအယောင်မဲပုံးများကို သရက်မြို့သို့ ပို့ဆောင်ရန်အတွက် နယ်မြေရှင်း စစ်ကြောင်းထိုးလာသောစစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာမှ ပြည်သူ ၃၀၀ ဝန်းကျင်ကို အခြေခံမူလတန်းကျောင်းတွင်ပြီး ဖမ်းဆီးထားပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း၊ လက်ရှိအချိန်တွင်လည်း စစ်ကြောင်းက ကျေးရွာထဲတွင်ရှိနေကြောင်း သိရှိရသည်။

“မနေ့က မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ အင်းအား ၂၅၀ ခန့်စစ်ခွေး စစ်ကြောင်းက မင်းတုန်းမြို့နယ် ပဇင်းဒါးကျေးရွာကို စစ်ကြောင်းထိုးတယ်။ ပြီးတော့ ‌ဒေသခံတွေကို ကျေးရွာထဲရှိ မူလတန်းကျောင်းမှာ ဖမ်းဆီးထားပြီး နေအိမ်တွေကို မီးရှို့နေပါတယ်။ အဲဒီကျေးရွာမှာ အိမ်ခြေ ၁၈၀ ကနေ ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ကျေးရွာနေပြည်သူ အနည်းဆုံး ၃၀၀ ဝန်းကျင်ကို စာသင်ကျောင်းမှာဖမ်းဆီးထားတာပါ။ စစ်ခွေးစစ်ကြောင်းက အခုလက်ရှိမှာလည်း ပဇင်းဒါးရွာမှာပဲ ရှိနေသေးတယ်။ ပဇင်းဒါးကျေးရွာက မနေ့ကတိုက်ပွဲဖြစ်ပွားရာ သဖန်းကိုင်းကျေးရွာအနီးမှာဖြစ်ပြီး ဆင်ကော်ရဲစခန်းတိုက်တုန်းကလည်း စစ်ကူလာတဲ့စစ်ကြောင်းကို ကျနော်တို့တပ်ဖွဲ့တွေ ပဇင်းဒါးကျေးရွာနားမှ ဖြတ်တောက်ခဲ့တိုက်ခိုက်တာရှိတယ်။ မနေ့ကစစ်ကြောင်းက စစ်ခွေးတွေ အထိနာသွားတဲ့အတွက် အဲ့ရွာတွေကို မီးရှို့တဲ့ အနေထားပါ” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်း မင်းတုန်းမြို့မှ​ ရွေးကောက်ပွဲမဲပုံးများကို သရက်မြို့သို့ ဆောင်ရန် ချောဆွဲထားသော ကား ၅ စီးနှင့်အတူ စစ်တပ်က စစ်ကြောင်းထိုးလာစဉ် မင်းတုန်းမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article