30 C
Yangon

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICJ တရားရုံးနှင့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများ စစ်တပ်ဘက်တော်သား မဘသနှင့် အစွန်း ရောက် အမျိုးသားရေးအဖွဲ့များက ပြုလုပ်မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICJ တရားရုံးနှင့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများ ပြု လုပ်ရန် စစ်တပ်က ထောက်ပံ့ပေးထားသော မဘသနှင့် အစွန်းရောက်အမျိုးသားရေးအဖွဲ့များက စီစဉ်နေပြီး စစ်တပ်လက် အောက်ခံ အဖွဲ့တချို့ကလည်း ရှုတ်ချသည့် ကြေညာ ချက်များ ထုတ်ရန်ရှိနေကြောင်း ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအပေါ် သက်သေများနှင့် အချက်အလက်များ တင်သွင်းရာတွင် သီတဂူဘုန်း ကြီးနှင့် ဝီရသူတို့၏ ပါဝင်ပတ်သက်မှုများကို ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးသို့ သက်သေအထောက်အထာများဖြင့် တင်ပြခဲ့ကြောင်း၊ အဆိုပါ တင်ပြချက်များ အပါအဝင် စစ် တပ်၏ ကျူးလွန်မှုများကို ကာကွယ်နိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ICJ တရားရုံးနှင့် ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးမှာ အရင်ဆုံး ICJ ရှုတ်ချပွဲနဲ့ ဂမ်ဘီယာရှုတ်ချပွဲ လုပ်မယ်။ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂနဲ့ အမျိုးသားရေးအဖွဲ့တွေ ဦးဆောင်မှာပါ။ ပြီးရင် ရန်ကုန်၊ နေပြည်တော်နဲ့ အခြားပြည်နယ်တိုင်းတွေမှာလည်း လုပ်ဖို့ရှိတယ်။ တရားဝင်ငြိမ်းစုစီတင်ပြီး ရှုတ်ချပွဲလုပ်မှာပါ” ဟု အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ယခင် မဘသအဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး ယခုအခါ နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသော ကိုဟိဏ်းဝေယံကမူ မဘသနှင့် အမျိုးသားရေးသမားများက စီစဉ်သည်ဆိုသော ICJ နှင့် ဂမ်ဘီယာ ရှုတ်ချပွဲများ၏ နောက်ကွယ်တွင် စစ်တပ်နှင့်ကြံဖွတ်က မဖြစ်မနေ ပါဝင် နေကြောင်း ပြောဆိုသည်။

“မဘသနဲ့ အမျိုးသားရေးသမားတွေဆိုတာ ဘာအလုပ်အကိုင်မှ မရှိတာမဟုတ်ဘူး။ ဒီလို တစ်နိုင်ငံလုံး ရှုတ်ချပွဲတွေ လုပ်ဖို့ သူတို့မှာ ဘယ်က ပိုက်ဆံရမလဲ။ အဲဒါက စစ်တပ်နဲ့ ကြံ့ဖွတ်ခင်ရီက ထုတ်ပေးတာက သေချာတယ်” ဟု သုံးသပ်ပြောဆိုသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မဟုတ်မမှန် လုပ်ကြံ၍ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုမှု ရှုတ်ချကြောင်း၊ ဂမ်ဘီယာ၏ တရားစွဲမှုသည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လူမျိုးရေး ဘာသာရေးပဋိပက္ခများ ဖြစ်ပွားအောင် လှုဆော်ယုံမျှမက မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေမူများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ယင်းအပြင် ဂမ်ဘီယာဘက်မှ တင်သွင်းသည့် သက်သေအထောက်အထားများတွင် သီတဂူဆရာတော်နှင့် အမျိုးသားရေး ဦးဆောင်ဆရာတော် ဦးဝီရသူတိုကိုပါ အစွန်းရောက်တံဆိပ်ကပ်၍ ပြောဆိုခဲ့သည်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဆက်လက် ကြေညာထားသည်။

အလားတူ နေပြည်တော်အမျိုးသားရေးအဖွဲ့ကလည်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ပင် ဂမ်ဘီယာနိုင်ငံ၏ ICJ တရားရုံးတင်သွင်းချက်တွင် သီတဂူဆရာတော်နှင့် အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ တို့ကိုပါ အစွန်းရောက်တံဆိပ်ကပ်၍ ဖော်ပြခဲ့သော လုပ်ရပ်များမှာ မြန်မာနိုင်ငံ၏ ပုံရိပ်ကို စော်ကားဖျက်ဆီးသည်သာမက ဗုဒ္ဓဘာသာကိုပါ စော်ကားသည့် လုပ်ရပ်အဖြစ် ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်ကို ကိုယ်စားပြု၍ ကိုကိုလှိုင် ဦးဆောင်သော အဖွဲ့က ICJ တရားရုံးတွင် သွားရောက် အမှုရင်ဆိုင်နေပြီး အမှုမှာ ယခု ဇန်နဝါရီလကုန်အထိ ကြားနာမည်ဖြစ်သည်။

ဓာတ်ပုံ – မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article