25 C
Yangon

ဝမ်းတွင်းမြို့အနီး ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၅ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း NUG အစိုးရ လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီ ၄၂ မိနစ်ခန့်တွင် မန္တလေးမြို့တောင်ဘက် ၉၈ ကီလိုမီတာအကွာ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၃၅ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုငလျင်လှုပ်ခတ်မှုကို နေပြည်တော်၊ တောင်ကြီး၊ မိတ္ထီလာ နှင့် မန္တလေးမြို့ပေါ်မှ ပြည်သူများ သိသာစွာခံစားခဲ့ရပြီး နေအိမ်များ လှုပ်ရမ်းခဲ့သောကြောင့် ပြည်သူများ လမ်းမပေါ် ထွက်ပြေးသူများလည်းရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ငလျင်လှုပ်တာသိသာပါတယ်။ နေအိမ်ပါ လှုပ်ရမ်းသွားတယ်။ သိပ်တော့မကြာပါဘူး။ အိမ်မပေါ်ထွက်ပြေးတဲ့ သူတွေလည်းရှိပါတယ်” ဟု မန္တလေးဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဇန်နဝါရီလ ၁ ရက်နေ့ ည ၇ နာရီ ၄၈ မိနစ်ခန့်ကလည်း သပိတ်ကျင်းမြို့ တောင်ဘက် ၉ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၉ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယင်းနေ့ ည ၈ နာရီ ၃၃ မိနစ်ခန့်တွင်လည်း သပိတ်ကျင်းမြို့၏ တောင်-အနောက်တောင်ဘက် ၉ မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၄.၁ အဆင့်ရှိ မြေငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း၊ အဆိုပါ မြေငလျင် လှုပ်ခတ်မှုကို မေမြို့တွင် နေထိုင်သော ပြည်သူများပါ သိသာစွာ ခံစားခဲ့ရကြောင်း ဒေသပြည်သူများ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် မြို့ကြီးများမှ ပြည်သူထောင်ချီ သေဆုံးခဲ့ကြောင်း၊ ထိုသို့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက် ဆက်တွဲ ငလျင် စုစုပေါင်း အကြိမ်ရေ ၂၀၀ ကျော် နီးပါး လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမှ ပြည်သူများ လမ်းပေါ်သို့ ပြေးထွက်လာကြစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article