စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် ဆက်ကြေးကောက်နေသော စစ်သားများနှင့် မဲလက်မှတ်များ တင်ဆောင်လာသည့်ကားကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၂ (5/ Commando Force) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ မှ ထွက်လာသော စစ်တပ်၏ သံပြားကာကား ၃ စီးသည် မအူဂိတ်သို့ ဝင်ရောက်ပြီး လမ်းကင်းများယူကာ ကင်းပုန်းများ ဝပ်၍ တံတားဖြူအနီးတွင် ပြည်သူပိုင် ကားများထံမှ ဆက်ကြေးကောက်ခံခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်သားများ ဆက်ကြေးကောက်ခံနေသည့် တံတားဖြူအနီးကို ချောင်းဦးမြို့မှ မဲလက်မှတ်များ တင်ဆောင်လာသော အိမ်စီးကား ၂ စီး ရောက်ရှိလာစဉ် တော်လှန်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ဆက်ကြေးကောက်နေသော စစ်သားများ မိုင်းထိမှန်ပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေး ၂ ကောင်ကတော့ မျက်မြင်သေဆုံးပါတယ်။ ထိခိုက်တာတွေလည်းရှိနိုင်ပါတယ်။ သူတို့ ဆက်ကြေးကောက်နေတဲ့ အချိန်နဲ့ ချောင်းဦးဘက်ကနေ မဲလက်မှတ်တွေ ယူလာတဲ့ စစ်ခွေး အိမ်စီးကား ၂ စီးရောက်လာချိန်ကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ” ဟု မုံရွာခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၂ (5/ Commando Force) တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force နှင့် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။






