ရန်ကုန်၊ ဇန်နဝါရီ ၁၆
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင် ဘောလုံးပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်သူများ ပါဝင်၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ လေယာဉ် ၂ စီးက နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းရွာတွင်ပြုလုပ်နေသည့် ဘောလုံးပွဲကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးကျော် ရှိကြောင်း သိရသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာပြင်းထန်သောကြောင့် အသက်အန္တာရယ် စိုးရိမ်ရသူများလည်းပါဝင်ပြီး သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း၊ ထို့ပြင် ခြေ နှင့် လက်တို့ ဆုံးရှုံးသူများလည်း ပါဝင်ပြီး လက်ရှိချိန်ထိ ဆေးကုသမှု ဆက်လက် ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“ဘောလုံးပွဲကိုလေယာဉ်နဲ့ လာကျဲသွားတာဟုတ်ပါတယ်။ ကျနော်တို့ သိရတာတော့ ပွဲချင်းပြီး ပြည်သူ ၃ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ ၃၀ ကျော်လောက်ရှိတယ်။ အဲတာက အတည်ပြုနိုင်တဲ့ စာရင်းပေါ့။ ထပ်တိုးသေဆုံးတာတွေလည်းရှိနိုင်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ပါဝင်တယ်။ ခြေနဲ့လက်တွေ ဆုံးရှုံးတဲ့ သူတွေလည်းပါတယ်။ ဘောလုံးကန်နေတဲ့ အချိန်ကြီးကျဲချသွားတာ တိုက်ပွဲဖြစ်ပွားတာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၅၅ နှစ်အရွယ် ဦးကျော်နိုင်နှင့် ဒေါ်ခင်သန်းနု၊ အသက် ၅၇ နှစ်အရွယ် ဦးခင်မောင်ဝင်းနှင့် အသက် ၉၁ နှစ်အရွယ် ဒေါ်ခင်တင့်တို့သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – နွားထိုးကြီးမြို့နယ် အတွင်း စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




