မကွေးတိုင်း၊ ကံမမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ ရာနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရကြောင်း သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကံမမြို့နယ်၊ ရေနံ့သာရဲကင်းစခန်းမ် ကား ၃ စီး အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံမမြိုနယ် ပုညိုကျေးရွာတွင် ကားများထားခဲ့၍ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းကို သရက်ခရိုင်အမှတ်-၄ တပ်ရင်းက မင်းကျေးရွာအနီးအရောက်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အထိနာသွားသော စစ်တပ် စစ်ကြောင်းသည် ကံမမြို့နယ် တောမကုန်းကျေးရွာသို့ ရောက်ရှိလာကာ ပြည်သူများကို ကြိမ်းမောင်းခြိမ်းခြောက်ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားကြောင်း၊ထို့နောက် ကျောက်စောင်းကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲအတွင်း သေဆုံးသူများကို သယ်ဆောင်ကာ ရေနံ့သာရဲကင်းစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
ယင်းနေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ စစ်တပ် စစ်ကြောင်းရောက်ရှိနေသော ရေနံ့သာရဲကင်းစခန်းကို တော်လှန်ရေးရဲဘော်များက ၄၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုများရှိနိုင်ကြောင်း သိရှိရသည်။
ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ပြီး မင်းတုန်းမြို့နယ် ကံတွင်း၊ လယ်ပြား၊ လက်ပွကျေးရွာများသို့ ဆက်လက် စစ်ကြောင်းထိုးကာ နေအိမ်များကို ဖောက်ထွင်းမွှေနှောက်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“၁၅ ရက်နေ့မှာ ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်စစ်ကြောင်းကို ကျနော်တို့ မင်းကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့တိုက်ခိုက်မှုမှာ စစ်ခွေးဘက်က ၇ ဦးသေဆုံးတယ်။ အဲ့နေညမှာပဲ အဲ့ရဲစခန်းကို ကျနော်တို့ ၄၀ မမ နဲ့သွားပစ်တာတော့ စခန်းထဲကိုကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်။ စစ်ခွေးတွေဘက်က စခန်းထဲကနေ ပြန်ပြီးပစ်တာတော့ရှိတယ်။ လက်ရှိမှာ စစ်ခွေးစစ်ကြောင်းကြောင့် သရက်မြို့နယ်မှာဆို ဆင်ကော်နဲ့ မြို့လှ၊ ကံမမြို့နယ်ထဲမှာဆို ကျောက်ပန်းတောင်း၊ မင်းတုန်းမြို့နယ်မှာ ချင်းနစ်ရွာ၊ ကံတွင်းရွာ၊ လယ်ပြားရွာနဲ့လက်ပွရွာတွေ ပြည်သူ ရာနဲ့ချီစစ်ရှောင်နေရပါတယ်။ လက်ရှိမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရေနံသာဘက်ကလာတဲ့ စစ်ကြောင်းကတော့ ရေနံသာမှာပဲရှိနေတယ်” ဟု သရက်ခရိုင် အမှတ်-၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇန်နဝါရီ ၅ ရက်နေ့မှစ၍ မင်းတုန်းမြို့နယ် သဖန်းကိုင်းကျေးရွာမှ နေအိမ် ၈ လုံးနှင့် ပုဇင်းဒါးကျေးရွာမှ နေအိမ် ၃၈ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် သရက်မြို့နယ် အောက်မမြင့်၊ အောက်မနိမ့်၊ ဆင်ကော်၊ မြို့လှ၊ ဆတ်လည်၊ ပုဏ္ဍားနှင့် ပျဉ်းအိုင်ကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများ၊ ဆန်စပါးများနှင့် တန်ဖိုးကြီးအသုံးအဆောင်များကိုလည်း မတရားသိမ်းပိုက်ယူဆောင်ခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် သရက်၊ ကံမနှင့် မင်းတုန်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်နှင့် လေကြောင်းရန်၊ လက်နက်ကြီးရန်များကို ကြိုတင်ကာကွယ်ထားကြရန် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက အသိပေးနှိုးဆော်ထားသည်။




