23 C
Yangon

စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၉ ဦး ဖမ်းဆီးပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၉ ဦး ဖမ်းဆီးပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၈ ရက်နေ့တွင် စလင်းမြို့ ထွေ/အုပ်ရုံးမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၉ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ပန်းတိမ်ကုန်းကျေးရွာရှိ ကျန်ရှိနေသော နေအိမ်များကို တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာမှ ကညှပ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျန်ရှိနေသော ပြည်သူပိုင် နေအိမ်များကို တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် နောင်တော်လေးကျေးရွာနှင့် နောင်တော်ကြီးကျေးရွာကို ဒရုန်းများ၊ လက်နက်ငယ်များဖြင့် ထပ်မံ ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီး၍ ကျေးရွာနေ ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် စစ်ကြောင်းသည် ဥယျာဥ်စုကျေးရွာကိုလည်း ထပ်မံ ဝင်ရောက်လာကာ ပြည်သူပိုင် နေအိမ်များ အပြင် ဘုန်းကြီးကျောင်းကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးမည့် ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီးမှ ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်နဲ့ ဗုံးစထိမှန်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ရွာပေါင်း ၁၂ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေး ဖမ်းဆီးသွားတဲ့ ပြည်သူ ၉ ဦးက ပန်းတိမ်ကုန်းရွာ၊ နောင်တော်ကြီးရွာနဲ့ နောင်တော်လေးရွာက ပြည်သူတွေပါ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ ပြည်သူ ၉ ဦးက အမျိုးသား ၇ ဦးကို ပြန်လွှတ်လိုက်ပြီလို့ သိရတယ်။ ၂ ယောက်က ကျန်နေသေးတယ်။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ဘယ်ကို ပြန်ဆုတ်သွားလဲဆိုတာ မသိရဘူး။ စစ်ခွေးတွေမီးရှို့သွားတာ ရွာလုံးကျွတ်လို့ ပြောနေကြပေမယ့် ဘယ်သူမှ ရွာထဲမပြန်ရဲကြဘူး။ ကိုယ်ဘက်က ရဲဘော်တွေကလည်း မကပ်ရဲကြဘူး။ အကုန်လုံးက ရှောင်ပြေးနေရတာဆိုတော့ နေအိမ်အရေအတွက်ကို အတည်မပြုနိုင်သေးဘူး”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အင်အား ၈၀ ခန့်ပါသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် စလင်းမြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article