31.1 C
Yangon

လောင်းလုံးမြို့ ရဲစခန်း၊ လဝကရုံးနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှု စခန်းကြီးရွာကို ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦး ထိမှန်သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ ရဲစခန်း၊ လဝကရုံးနှင့် ခလရ ၁၀၄ တပ်ရင်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် စခန်းကြီးရွာကို ကျရောက် ပေါက်ကွဲကာ ပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၄ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသောကြောင့် လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် စခန်းကြီးကျေးရွာထဲကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၅ ဦး ဗုံးစထိမှန်ကာ ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ ညနေပိုင်းတွင်လည်း လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်းနှင့် လဝက ရုံးရှေ့တွင် သန့်ရှင်းရေး လုပ်ဆောင်နေသော စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ လောင်းလုံးမြို့ ရဲစခန်း၊ လဝကရုံးနဲ့ ခလရ ၁၀၄ တပ်ရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တယ်လို့ သိရတယ်။ တိုက်ခိုက်မှုအတွင်းမှာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိပါတယ်။ တိုက်ခိုက်မှု ဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်။ ခလရ ၁၀၄ က စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပြန်ပစ်တာ စခန်းကြီးရွာထဲကို ကျည်ကျပြီးတော့ ပြည်သူ ၅ ဦးထိတာ ၁ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့အနီးရှိ ညှင်းမော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ထားဝယ်နှင့် လောင်းလုံးမြို့ အစပ်ကို ယနေ့ နံနက်အစောပိုင်း ၁၂ နာရီခန့်တွင် ခြေလျင် စစ်ကြောင်းထိုး၍ ရောက်ရှိလာပြီး ထားဝယ်-လောင်းလုံး လမ်းပိုင်း၌ တပ်စွဲထားကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာခြင်းသည် ထားဝယ်မြို့ဘက်မှ ရွေးကောက်ပွဲလုံခြုံရေးအတွက် အင်အားဖြည့်ရန်လာရောက်မည့် စစ်သားများကို သွားရောက် ကြိုဆိုခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အင်အား အများအပြားဖြည့်တင်းထားကာ ပြည်သူများ သယ်ဆောင်လာသည့် ပစ္စည်းအားလုံးကို ဖွင့်ဖောက် စစ်ဆေးမှုများပါ လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article