28.2 C
Yangon

အင်းစိန်ထောင်တွင် အဆောင်မှူး ၂ ပွင့် အရာရှိ ကျော်လင်းထွန်းက လာဘ်ယူခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ကျူးလွန်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အင်းစိန်အကျဉ်းထောင်တွင် သပြေဆောင် ၁ နှင့် သပြေဆောင် ၂ ၏ ၂ ပွင့် အရာရှိ အဆောင်မှူး ကျော်လင်းထွန်းက အကျဉ်းသားများအပေါ် အဆောင်စည်းကမ်းဟုဆိုကာ လာဘ်ယူခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်းစိန်ထောင်မှ အဆောင်မှူး ကျော်လင်းထွန်းသည် သပြေဆောင်သို့ အသစ်ရောက်လာအကျဥ်းသားများကို အလုပ် (ဘောက်ဆင်း) ကြေး ၅၀၀၀၀ ကျပ်နှင့် အခန်းကြေး ၅၀၀၀၀ ကျပ်အတင်းအကျပ်တောင်းနေပြီး အလုပ် (ဘောက်ဆင်း) ကြေး မပေးလျှင် အလုပ်ကြမ်းများခိုင်းခြင်း၊ အခန်းခမ‌ပေးပါက ၁၅ရက်တစ်ခါအခန်းပြောင်းခြင်းတို့ကို ပြုလုပ်နေကြောင်း သိရှိရသည်။

‌ထို့ပြင် အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂(က) ဖြင့်အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်း သား မောင်စောဖြူဖွေးက အလုပ်လုပ်ရင်း ချွေးထွက်သဖြင့် ထောင်ပုံစံအင်္ကျီအား ချွတ်၍ ချွေးသုတ်စဉ် အဆောင်မှူး ကျော်လင်းထွန်းမှ ထောင်ပုံစံအင်္ကျီချွတ်သည်ဟုဆိုကာ ခါးပတ်ဖြုတ်၍ နောက်ကျောကိုအချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြောင်း၊ ထိုမျှဖြင့် မကျေနပ်သေးဘဲ ခါးပတ်ခေါင်းဖြင့်မျက်နှာကို နှစ်ချက်ရိုက်၍ သွေးထွက်သံယို ဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား မောင်စောဖြူဖွေးက အလုပ်(ဘောက်ဆင်း)ကြေးနှင့် အခန်းကြေး မပေးနိုင်သည့်အတွက် အနိုင်ကျင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အင်းစိန်ထောင် အဆောင်မှူးနဲ့ ဒုအဆောင်မှူးက ပေါင်းပြီးတော့ အဆောင်စည်းကမ်းဆိုပြီးတော့ တခြားအဆောင်မှူးတွေနဲ့ မတူဘဲ သတ်မှတ်နေတာဟာ အကျဉ်းသား အကျဉ်းသူတွေ အပေါ်မှာ ဖိနှိပ်တဲ့ ပုံစံမျိုးတွေပဲ ဖြစ်ပါတယ်။ မျက်စိရှေ့မှာ အမြင်မကြည်ဘူးဆိုတာနဲ့ ပြစ်ဒဏ်ကို ပုံစံခန်းထဲ ပို့တယ်။ ငွေညှစ်တာတွေ လုပ်တယ်။ တခြားဆောင်တွေမှာ အဲဒီလောက်မဆိုးဘဲနဲ့ သပြေဆောင် ၁ နဲ့ ၂ မှာဆိုးတာပေါ့။ အခုလက်ရှိ အင်းစိန်ထောင် အဆောင်မှူးဟာ သပြေဆောင် ၁၊ ၂ အဆောင်မှူး ဖြစ်ပြီးတော့ ၂၀၂၁ ဝန်းကျင်မှာ မြိတ်ထောင် တာဝန်ကျတယ်။ မြိတ်ထောင်မှာလည်း ရိုက်နှက် ခြေကျင်စခတ်တာတွေ ပြုလုပ်ခဲ့ပြီး လွိုင်ကော်ထောင်ကို ပြောင်းရတယ်။ လွိုင်ကော်ထောင်မှာလည်း နိုင်ငံရေးအကျဉ်း သားတွေကို ဖိနှိပ်တာတွေ လုပ်ခဲ့တယ်။ အခု လက်ရှိ အင်းစိန်ထောင်ကို ရောက်တဲ့ အချိန်မှာလည်း အကျဉ်းသား အကျဉ်းသားတွေကို ဖိနှိပ်တာကိုလည်း ပေါ်ပေါ်ထင်ထင်ကျူးလွန်နေသူ ဖြစ်ပါတယ်”ဟု PPNM မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်

ယင်းအပြင် အဆောင်မှူးက အကျဉ်းသားများကို အခန်းထဲပိတ်ထား၍ ပူလီကြိုးကိုခေါက်ထားကာ တိတ်အမည်းဖြင့် ပတ်ထားသောတုတ်ကို ကိုင်‌၍ အဆောင်အား လှည့်ပတ်ကာ နိုင်ငံ ရေးအကျဉ်းသားများကို ဂရုစိုက်ရန် မလိုအပ်ဟု ကြွေးကြော်မှုများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။

အင်းစိန်ထောင် သပြေဆောင် ၁ နှင့် သပြေဆောင်၂ တွင် အကျဉ်းသားဦးရေ ၈၀၀ ဝန်း ကျင်ရှိ‌ပြီး နံနက် ၈နာရီမှ နံနက် ၉နာရီ အထိ အချိန် ၁နာရီအတွင်းသာ ရေချိုးခွင့်ပြုထားကြောင်း၊ ရေချိုးချိန်ကန့်သတ်ထားသည့်အပြင် ရေလောက်ငမှုမရှိကြောင်း၊ အင်းစိန် ထောင်ထဲတွင် ငါးမွေးမြူရေးပြုလုပ်ထားကာ ငါးကန်တွင်မူ ရေများအလုံအလောက်ပေးရခြင်းကြောင့် အကျဉ်းသားများ ချိုးရေမလောက်ငခြင်းကို လျစ်လျူရှုနေကြောင်း သိရှိရသည်။

အင်းစိန်ထောင်အတွင်း ထောင်ဝင်စာပါဆယ်ကို ယာယီတန်းပိတ်ချိန် ထုတ်မပေးဘဲ တန်းဖွင့်ချိန် ညနေပိုင်းမှသာထုတ်ပေးသည့်အတွက် ပါဆယ်မှပါလာသော ဟင်းများ၊အစား အသောက်များအား အချိန်နောက်ကျမှ စားသောက်ရခြင်းကြောင့် ကျန်းမာရေးမညီညွတ်ခြင်းများဖြစ်နေကြောင်း သိရှိရသည်။

အင်းစိန်ထောင်အတွင်း အဆောင်မှူးက သူ၏ လုံခြုံရေးကိုတာဝန်ယူရန်အတွက်ဟုဆိုကာ မူးယစ်အမှုဖြင့် အကျဉ်းကျနေသော အကျဉ်းသား ၂ဦးအား အဆောင်မှူးလုံခြုံရေးအဖြစ်ခန့်ထားခဲ့ပြီး အဆောင်ရှာဖွေရေးဝင်ရာတွင် အကျဉ်းသားပစ္စည်းများအား ထောင်ဝန်ထမ်းများက စားသောက်သွားခြင်း၊ အိတ်ကပ်တွေထဲသို့ ပေါ်ပေါ်ထင်ထင် လုယူသွားခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း၊ ဒုအဆောင်မှူး နှစ်ရစ် စိုးမင်းထွန်းမှလည်း “နိုင်ငံရေးအကျဉ်းသားမလို့ ခိုင်းလို့မရတာ မရှိဘူး” ဟု ကြိမ်းဝါးပြောဆိုနေသည့်အပြင် အနိုင်ကျင့်နှိပ်စက်နေမှုမျာကိုး ထောင်ပိုင်၊ ဦးစီး တို့ကို တင်ပြပါက ပြစ်ဒဏ်ပေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

“ဒီ အဆောင်မှူးဟာ ထောင်တွေတိုင်းမှာလည်း ပုံစံမပြောင်းဘဲ ညှင်းပန်းနှိပ်စက်မှုတွေ ကျူးလွန်နေသူဖြစ်ပါတယ်။ တရားမျှတမှု ပြန်လည်ရရှိချိန်မှာ အကျဉ်းသား အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသားအခွင့်အရေးချိုးဖောက်တဲ့လူ တစ်ဦးအဖြစ် တာဝန်ယူ တာဝန်ခံရမှာ ဖြစ်ပါတယ်”ဟု PPNM မှ တာဝန်ရှိသူက ရှင်းပြသည်။

Photo- Agency။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article