စစ်တပ်ကို ဆန့်ကျင်နေသော အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၃
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို မထောက်ခံကြောင်း အာဆီယံဥက္ကဋ္ဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro က ထုတ်ဖော်ပြောဆိုပြီး စစ်တပ်ကို ဆန့်ကျင်နေသော အဖွဲ့များနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
မြန်မာစစ်တပ်က လက်ရှိ ကျင်းပနေသော မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တရားဝင် ထောက်ခံခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
အာဆီယံ၏ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ Ma. Theresa Lazaro က “ကျွန်မအနေနဲ့ ဒီရွေးကောက်ပွဲကို မထောက်ခံပါဘူး။ ဖိလစ်ပိုင်အနေနဲ့လည်း ရွေးကောက်ပွဲကို မထောက်ခံပါဘူး။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေကနေ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ ပွင့်လင်းစွာ စောင့်ကြည့်သွားမှာပါ” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အဆင့်လိုက် ၃ ကြိမ် ကျင်းပမည့် ရွေးကောက်ပွဲအနက် ၂ ကြိမ်ပြီးစီးပြီးဖြစ်ကာ၊ တရားဝင် ထုတ်ပြန်ထားသည့် မဲရလဒ်များအရ စစ်တပ်နှင့် မဟာမိတ် ကြံ့ဖွတ်ပါတီတစ်ရပ်က အများစု အနိုင်ရရှိနေပြီး နောက်ဆုံးအဆင့် မဲပေးခြင်းကို ယခုတနင်္ဂနွေနေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
မဲပေးသူအရေအတွက် နည်းပါးနေသော်လည်း စစ်အစိုးရဘက်က ယင်းရွေးကောက်ပွဲကို “ပြည်သူ့အောင်ပွဲ” ဟု ခေါ်ဆိုကာ နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရရှိစေမည်ဟု ဆိုထားသည်။
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ပြည်တွင်းစစ်အခြေအနေသို့ ရောက်ရှိလာခဲ့ပြီး၊ လက်ရှိတွင် စစ်တပ်နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့က ယခုရွေးကောက်ပွဲကို စစ်တပ်အာဏာကို ဆက်လက်ထိန်းသိမ်းရန် ရည်ရွယ်သည့် တစ်ဖက်သတ် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဝေဖန်ထားသော်လည်း အာဆီယံအနေဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များ မပို့ခဲ့ကြောင်း သိရသည်။
ယခုအပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သော မြန်မာအရေးဆွေးနွေးပွဲ- “Stakeholders’ Meeting” တွင် အကြမ်းဖက်မှု လျှော့ချရေး၊ လူသားချင်းစာနာမှု အကူအညီပို့ဆောင်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ချင်းအမျိုးသားတပ်ဦး (Chin National Front) ကလည်း ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း အတည်ပြုပြီး၊ အာဆီယံဥက္ကဋ္ဌအသစ်အနေဖြင့် အဖွဲ့အစည်းအားလုံးနှင့် ဆက်သွယ်ပြောဆိုလာနိုင်ခြင်းကို အပြုသဘောဖြင့် ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သို့သော် အာဆီယံ၏ “ငြိမ်းချမ်းရေး ၅ ချက် သဘောတူညီချက်” သည် လူသားချင်းစာနာမှုအကူအညီပိုင်းအချို့ တိုးတက်လာခြင်းမှလွဲ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် ထင်သာမြင်သာသော တိုးတက်မှု မရရှိသေးကြောင်း သုံးသပ်သူများက ဆိုကြသည်။




