30 C
Yangon

မန္တလေးတွင် စစ်မှုထမ်းကြေး ကောက်ခံရာတွင် လက်နက်ပြ ခြိမ်းခြောက်ငွေညှစ်လာ၊ လှိုင်သာယာတွင် လူငယ်တချို့ကို သူခိုး၊ ခါးပိုက်နှိုက်ဟု အော်ဟစ်၀ိုင်းဖမ်းပြီး စစ်မှုထမ်းအဖြစ် ရောင်းစား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ စင်္ကြာနွယ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်သူများထံမှ သိန်းရာချီ ငွေညှစ် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်လာကြောင်း ခြိမ်းခြောက်ခံနေရသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကျော်နှင့်နောက်လိုက် တင်ထွန်းတို့ ဦးဆောင်သည့်အဖွဲ့က ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ ညအချိန်မတော် တံခါးများကို အတင်းအဓမ္မ ထုရိုက်ဖွင့်ခိုင်းကာပုံစံ ၁၀ တောင်းယူခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ဖမ်းဆီးခံ လူငယ်များကို ငွေကျပ် သိန်းရာချီဖြင့် ပြန်ရွေးနိုင်ကြောင်း၊ တိုင်ကြားမှုများ လုပ်ဆောင်လျှင် PDF ထောက်ပို့ဟု အမည်တပ်ကာ သတ်ဖြတ်မည်ဟု လက်နက်ပြ ခြိမ်းခြောက်ကြောင်း သိရှိရသည်။

“သူတို့က စစ်မှုထမ်းခေါ်တာကို အကြောင်းပြပြီး လုပ်စားနေတာ။ အိမ်တွေကို ဓားရှည်တွေနဲ့ ခြိမ်းခြောက်ပြီး ဝင်ဖမ်းတယ်။ ဖမ်းသွားတဲ့သူတွေကို ပြန်လွတ်ချင်ရင် သိန်း ၂၀၀ ကနေ ၃၅၀ အထိ တောင်းတယ်။ ပိုက်ဆံပေးရင် ၂ ပတ်လောက်နေရင် ပြန်လွတ်ပေးတာမျိုး ရှိသလို၊ ပိုက်ဆံပေးပြီးတာတောင် အခုထိ ပြန်မလွတ်လာသေးတဲ့သူတွေလည်း ရှိတယ်” ဟု ‌ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိဘဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့သည် ဧည့်စာရင်းစစ်ရာတွင် စစ်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ပါဝင်ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် ဓားရှည်များကိုယ်စီ ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်စီးနင်းခြင်း၊ ပုံစံ ၁၀ တောင်းယူခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ ကျူးလွန်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

လက်ရှိတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ လက်နက်ပြ ငွေညှစ်ဖမ်းဆီးမှုများကြောင့် ပြည်သူအများအပြားသည် မိမိတို့အိမ်တွင် မနေရဲတော့ဘဲ ပြောငးရွှေ့မှုများလုပ်ဆောင်လာရကြောင်း သိရှိရသည်။

“ကျနော်က လက်တွေ့ ခက်ခက်ခဲခဲနဲ့ သိန်းရာဂဏန်းကို အိုးအိမ်ပေါင်ပြီး ရွေးလိုက်ရတဲ့ မိသားစုဝင်တစ်ဦးပါဗျာ။ ကိုယ့်အိမ် ကိုယ်မနေရဲဖြစ်ရပါတယ်။ အခက်အခဲအရမ်းဖြစ်ရပါတယ်။စစ်မှုထမ်းအကြောင်းပြ လုပ်စားနေတာ အထက်လူကြီးတွေ သိစေချင်တယ်”ဟု ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာတွင်လည်း အလုပ်သွားအလုပ်ပြန်နှင့် လမ်းသွားလမ်းလာ လူငယ်များကို သူခိုး၊ ခါးပိုက်နှိုက်ဟု အော်ဟစ်ကာ အုပ်စုဖွဲ့ ၀ိုင်းဝန်းဖမ်းဆီးပြီး စစ် မှုထမ်းအဖြစ် ရောင်းစားမှုများ ရှိလာကြောင်း ဖမ်းဆီးခံလူငယ်တစ်ဦး၏ အစ်ကိုဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် လှိုင်သာယာ ၁ ရပ်ကွက် စက်မှုဇုန် ၅ မွေးမြူရေးဇုန်၊ ရွှေရင်ဘုရားအနီးတွသ် စက်ဘီးစီးလာသော လူငယ်တစ်ဦးကို သူခိုးဟုဆိုကာ လိုက်လံ ဖမ်းဆီးပြီး အိမ်စီးကားဖြင့် ခေါ်ဆောင်သွားကြောင်း၊ ကားပေါ်မဆွဲတင်မီ လူငယ်က ရုန်းကန်သဖြင့် ၀ိုင်းဝန်း ထိုးကြိတ်ကြကြောင်း၊ အိမ်စီးကားမှာ ပရိုဘောက်ကားဖြစ်ပြီး စတေကာမှန်အမည်းများ ကာရန်တပ်ဆင်ထားကြောင်း၊ ယင်းကားမှာ လှိုင်သာယာမြို့အတွင်း လူငယ်များကို လှည့်လည် ဖမ်းဆီး ပေါ်တာဆွဲနေသော ကားဖြစ်ကြောင်း သိရှိရသည်။

“လှိုင်သာယာမှာ ပရိုဘောက်ကားနဲ့ လူငယ်တွေကို ကားပေါ်ဆွဲတင်။ သူခိုး၊ ခါးပိုက်နှိုက်ဆိုပြီး ဖမ်းသွားတာ။ တကယ်က သူခိုးလည်းမဟုတ်ဘူး၊ ခါးပိုက်နှိုက်လည်းမဟုတ်ဘူး။ လူငယ်တွေကို ပေါ်တာဆွဲတာကို ဘေးကဝင်ဆွဲမှာစိုးလို့ လုပ်တာ။ လှိုင်သာယာ ရိုးကြီးရွာက လူငယ်တွေ အဲဒီလို ပုံစံနဲ့ အဆွဲခံရတာ ၅ ဦးလောက်ရှိနေပြီ” ဟု လှိုင်သာယာမြို့နယ်၊ ရိုးကြီးရွာမှ ဘေးတွဲဆိုင်ကယ်သမားတစ်ဦးက ရှင်းပြသည်။

စစ်တပ်က ယခုလာမည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၂ ကိုဖွင့်လှစ်မည်ဖြစ်ပြီး စစ်တပ်က ယခု ဇန်နဝါရီလကုန်ကတည်းက စစ်မှုထမ်းစုဆောင်းခြင်းများကို စတင်လုပ်ဆောင်နေသည်ဟု ရန်ကုန်နှင့်မန္တလေးမြို့ရှိ ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article