ရန်ကုန်၊ ဇန်နဝါရီ ၂၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နတ်ညွန်းရွာမှ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်း ဖက် စစ်တပ်သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နတ်ညွန်းရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စစ်ကြောင်းက နတ်ညွန်းရွာကို ထပ်မံရောက်ရှိလာပြီး နေအိမ်များကို ဇန်နဝါရီလ ၂၅ ရက်နေ့ ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာသော ပြည်သူ ၂၀ ကျော်ကိုလည်း လက်ရှိချိန်ထိ ဖမ်းဆီးထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း၊ စစ်တပ် မီးရှို့မှုကြောင့် နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ပြီး စစ်ကြောင်းမှာ ကျေးရွာအတွင်းရှိနေသောကြောင့် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပြည်သူတွေဖမ်းဆီးခံရတာတော်တော်များတယ်။ ကျနော်တို့ အတည်ပြုနိုင်တာက ၂၀ ကျော်လောက်ရှိတယ်။ ပျောက်ဆုံးနေသူတွေလည်းရှိတယ်။ မနေ့ကထိ စစ်ခွေးစစ်ကြောင်းက နတ်ညွန်း တောင်ရွာနဲ့ မြောက်ရွာကို ဆက်တိုက်ရှို့နေတာ မီးလောင်ပျက်စီးမှုများတယ်။ စစ်ခွေးတွေရှိသေးတော့ ရွာထဲက အခြေအနေ အသေးစိတ်ကို မသိရသေးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လေးဖျက်ခုံရွာ ၊ ပြည်တော်သာရွာ ၊ ဓားကျွန်းရွာ ၊ တန်စောင်းရွာ ၊ နတ်ညွန်းရွာ ၊ အောင်ဆန်းကုန်းရွာ ၊ နတ်ပေးကျွန်းရွာ ၊ ရဲကုန်းရွာ ၊ အောင်ပြည်စိုးရွာ နှင့် ပတ္တာကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းသဇင်ရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာမှ အကြမ်းဖက် စစ်သားများသည် ၈၁ မမ လက်နက်ကြီးများဖြင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုးဘက်သို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုန်းသဇင်ရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ နေအိမ်တွေ မီးလောင်ပျက်စီးတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




