စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲလုပ်မှု ၄ ကြိမ်မြောက်ရှိလာ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ဇန်နဝါရီလ ၂၅ ရက်နေ့ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့သော တပ် နယ် တွေ့ဆုံပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပြည်ပရန်မှ ကာကွယ်ရေးအတွက် တပ်မတော်ကို စဉ်ဆက်မပြတ် စွမ်းရည်၊ စွမ်းပကား မြှင့်တင်နေရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ယင်းသို့ ပြောဆိုပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် မင်းအောင်လှိုင်က ပြည်ထဲ ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို စစ်ဘက်မူလတာဝန်များကို ပြန်လည် ထမ်းဆောင်စေပြီး ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို တာဝန်ပေးလိုက်ကြောင်း သိရှိရသည်။
“ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အရင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အခု ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့က တပ်မှာဆိုရင် ရာထူးဆက်မတက်နိုင်တော့ဘူး။ အရန်အင်အားစာရင်းသွင်းခံထားရသူတွေဖြစ်ပါတယ်။ အသက် ၆၀ ဝန်းကျင်တန်းတွေပါ။ ဒီလိုပဲ အလှည့်ကျနဲ့ ပြည်ထဲရေးဝန်ကြီး တာဝန်ပေးတဲ့သဘောလို့ပဲ ပြောရမယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ တပ်မတော်အောက်မှာ ပြည်ထဲရေးဝန်ကြီးဌာန ရှိနေသရွေ့တော့ ပြုပြင်ပြောင်းလဲရေးဆိုတာ မဖြစ်နိုင်ပါဘူး” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်ထဲရေးဝန်ကြီး ဖြစ်လာသူ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်းဖြစ်ပြီး စစ်ရေးချုပ်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးရာထူးများကို တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီးရာထူးနေရာကို ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ကို အဆင့်ဆင့် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ပြီး ဒုတိ ယ ဗိုလ်ချုပ်ကြီး စိုးထွဋ်မှာမူ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုဖြင့် ရာထူးမှ ဖြုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်အရေးယူခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







