ရန်ကုန်၊ ဇန်နဝါရီ ၃၀
မလေးရှားတွင် အပူချိန် အာရုံခံ ဒရုန်းများဖြင့်ပါ မြန်နိုင်ငံသား ၇၈ ဦးအပါ အဝင် တရားမဝင် နိုင်ငံခြားသား ၂၁၈ ဦးကို ဖမ်းဆီးရရှိကြောင်း မလေးရှား ဘနားမားသတင်းဌာနက သတင်းဖော်ပြသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ညပိုင်း စစ်ဆင်ရေး အဖြစ် အပူချိန် အာရုံခံစားနိုင်သော Thermal Camera ပါဒရုန်း များဖြင့်ပါ တရားမဝင် နိုင်ငံခြားသားများကို ရှာဖွေဖမ်း ဆီးခဲ့ရာ အဆောက်အအုံခေါင်မိုးပေါ် ပုန်းနေသည့် နိုင်ငံခြားသား ၁၅ ဦးကျော် အပါအဝင် နိုင်ငံခြားသား ၂၁၈ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ဆင်ရေးကို Jalan Emas ရှိ Taman Emas ဒေသတွင် ပြုလုပ်ခဲ့ပြီး လေးထပ်ဆိုင်ခန်း အမိုးပေါ်တွင် ပုန်းနေသူများကို ဒရုန်းက လူ၏ အပူချိန်ကို ရှာဖွေအာရုံခံမှုဖြင့် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း ခေါင်မိုးပေါ်တွင် ပုန်းနေသည့် နိုင်ငံခြားအမျိုးသမီးတစ်ဦးမှာ အောက်သို့ ပြုတ်ကျခဲ့ပြီး စစ်ဆေးနေသည့် လူဝင်မှုကြီး ကြပ်ရေးအရာရှိများအပေါ် ပြုတ်ကျသွားခဲ့ကြောငး သိရှိရသင်္ည။
လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်းဆောင်ရွက်ရေး) Datuk Lokman Effendi Ramli က ယခုစစ်ဆင်ရေးတွင် လူဝင်မှုကြီးကြပ်ရေးအရာရှိ ၂၇၉ ဦး နှင့် အမျိုးသားမှတ်ပုံတင်ဌာနဝန်ထမ်း ၁၀ ဦး ပါဝင်ခဲ့ကြောင်း ပြောကြားသည်။
“ညပိုင်းစစ်ဆင်ရေးအတွင်း ဒရုန်းနည်းပညာကို အသုံးပြုခဲ့တာကြောင့် အမိုးပေါ်မှာ ပုန်းနေတဲ့ နိုင်ငံခြားသားတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါတယ်။ လူ ၁၅ ဦးကျော်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောသည်။
မလေးရှားအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး စစ်ဆင်ရေးအဖြစ် လူနေ ဆိုင်ခန်းများကို အဓိက ဦးတည်စစ်ဆေးခဲ့ပြီး လူပေါင်း ၁,၀၀၀ ကျော်ကို စစ်ဆေးခဲ့ကြောင်း၊ ထိုအထဲမှ အသက် ၁၈ နှစ်မှ ၅၂ နှစ်အတွင်း နိုင်ငံ ခြားသား ၂၁၈ ဦးကို လူဝင်မှုဆိုင်ရာ ပြစ်မှုမျိုးစုံဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသူများသည် တရားဝင်စာရွက်စာတမ်းမရှိဘဲ ဝင်ရောက်လာသူများ သို့မဟုတ် လည်ပတ်ခွင့်ဗီဇာကို အလွဲသုံးစားလုပ်ကာ နေထိုင်၊ အလုပ်လုပ်နေသူများ ဖြစ်နိုင်ကြောင်း သံသယရှိထားသည်။
အဆိုပါ စစ်ဆင်ရေးသည် နှစ်ပတ်ကြာ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များနှင့် ပြည်သူများ၏ တိုင်ကြားချက်များအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
စစ်ဆင်ရေးအတွင်း အချို့သံသယရှိသူများ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အနာဂတ် စစ်ဆင်ရေးများတွင်လည်း ဒရုန်းနည်းပညာအပါအဝင် ခေတ်မီနည်းပညာများကို ဆက်လက်အသုံးပြုသွားမည် ဟု ၎င်းက ပြောကြားခဲ့သည်။
အလားတူ ထိုင်းနိုင်ငံ ၊ ကန်ချနဘူရီနယ်စပ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၁၂ ဦးကို ကား ၃ စီးနှင်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။
ဇန်နဝါရီလ ၂၉ ရက် နံနက် အစောပိုင်း ၂ နာရီ အချိန် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ Thong Pha Phum မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၁၂ ဦးကို ကား ၃ စီးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားမဝင်ဝင်ရောက်မှုကို သတင်းရရှိ၍ ထိုင်းအာ ဏာပိုင်များက စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မသင်္ကာဖွယ်ရာ အမိုး အကာများဖြင့် ဖုံးအုပ်ထားသည့် ကား ၃ စီးကို တွေ့ရှိရသဖြင့် ရပ်တန့်ခိုင်းရာ ယာဉ်မောင်းများက ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း၊ ယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားများသည် ရန်ကုန်နှင့် မော်လမြိုင်မြို့များမှ လာရောက်ကြသူများဖြစ်ပြီး ဘုရားသုံးဆူ နယ်စပ်ဂိတ်အနီးမှ တစ်ဆင့် ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် စံခလပူရီမြို့နယ်တွင် လှေစီးကာ ဆည်အတွင်းမှတစ်ဆင့် ဆိုက်ရောက်လာပြီး ကားများဖြင့် ဆက်လက်ထွက်ခွာရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ဘန်ကောက်၊ ရာယောင်း နှင့် အချို့မှာ မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ရည် ရွယ်ထားကြပြီး ပွဲစားခအဖြစ် ခရီးဝေးပေါ်မူတည်၍ တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးချေခဲ့ရကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသည့် ယာဉ်မောင်းဖြစ်သူသည် အသက် ၂၅ နှစ်အရွယ် ထိုင်းနိုင်ငံသားအမျိုးသားနှင့် အသက် ၁၆ နှစ်အရွယ် ဒေသခံ လူငယ်တစ်ဦးဖြစ်ပြီး ယာဉ်မောင်းသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းတို့ကို Thong Pha Phum ရဲစခန်းတွင် ပို့ဆောင်ထားကြောင်း ထိုင်းသတင်းများ အရ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








