ရန်ကုန်၊ ဇန်နဝါရီ ၃၁
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ လေဘိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် မိသားစုဝင် ၇ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စုအတွင်းရှိ လေဘိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၉ နာရီခန့်တွင် လေဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ အိပ်ပျော်နေသော နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့၍ ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၇ ဦးလုံးပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဗုံးကျဲတာက ၂ ကြိမ်ကျဲတာ ပထမ အကြိမ်ကတော့ လူမထိဘူး။ ညပိုင်း ဒုတိယအကြိမ် လာကျဲတော့ ပြည်သူတွေ အိပ်ပျော်နေတဲ့ အချိန်ဆိုတော့ ဗုံးက နေအိမ်ပေါ်က တည့်တည့် ကျရောက်ပေါက်ကွဲပြီး ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၇ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မာန်ဟဲရွာထိပ်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ ပကဖ ရဲဘော် ၅ ဦးကျဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။






