ရန်ကုန်၊ ဇန်နဝါရီ ၃၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသော ဆိပ်မူကျေးရွာ ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ပိတ်မိနေကြောင်း ဖားကန့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ ညပိုင်းတွင် KIA ပူးပေါင်း တပ်များ ထိန်းချုပ်ထားသော ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို ဦးတည်ပြီး အကြမ်းဖက် စစ်တပ်က မရှီကထောင်ရပ်ကွက်နှင့် ယူမာကျေးရွာနောက်ကျောရှိ ထုံးဘိုကျေးရွာ ဘက်မှ စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ နံနက်ပိုင်းထိ ဆက် လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ရန် KIAနှင့် KPDF ပူးပေါင်း တပ်များက ခုခံ တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ထုံးဘိုကျေးရွာဘက်ခြမ်းရှိ ပြည်သူများသည် လက်ရှိချိန်ထိရွာထဲ၌ ပိတ်မိနေကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားရာ နေရာကိုလည်း ဖားကန့် ဗျူဟာကုန်းမှ အကြမ်း ဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး ဖားကန့်မြို့ ပတ်ပတ်လည်ကို လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားလာခြင်း မပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။
“စစ်ခွေးတွေ ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းထားတာတော့ မရှိသေးပါဘူး။ မနေ့ညက စစ်ခွေး စစ်ကြောင်းက ရုတ်တရက် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ တိုက်ပွဲထဖြစ်ကြတာ ထုံးဘိုအခြမ်းက ပြည်သူတွေ ပြင်ဆင်ချိန်မရဘဲ ပိတ်မိတာပေါ့။ ခုထိ မထွက်နိုင်ကြသေးဘူး။ တိုက်ပွဲက ဖြစ်နေတုန်းပဲ” ဟု ဖားကန့်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဇန်နဝါရီ ၂၅ ရက်နေ့တွင် ရွေး ကောက်ပွဲ ပြုလုပ်ခဲ့သော ကြောင့် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း စစ်တပ်က တဖန် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖားကန့်မြို့နယ်တွင် ယခင်နှစ် ဇူလိုင်နှောင်းပိုင်းမှစတင်၍ စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ပြီးနောက် စစ်သားများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရကြောင်း သိရှိရသည်။




