26 C
Yangon

ပုလောမြို့နယ်၊ မင်းပြင်ရွာသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး၊ ရှပ်ပုံရွာတွင် စစ်တပ်၏ ထပ်မံမီးရှို့မှုကြောင့် နေအိမ် ၆၀ ကျော် ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းပြင်ရွာသို့ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ပုလောမြို့နယ်၊ မင်းပြင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲ စစ်ခွေးတွေက ဒရုန်းနဲ့ လာကျဲသွားတာလို့ သိရတယ်။ ဘုန်းကြီးကျောင်းအနီးကို ဒရုန်းဗုံးကျပြီး ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်‌ နေအိမ်များကို ဆက်တိုက်မီးရှို့နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က မီးလောင်ဗုံးများ ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ပြီး လက်ရှိအချိန် ကျေးရွာနေပြည်သူများ စစ်ဘေးရှောင်နေရကာ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ရှပ်ပုံရွာကို စစ်​ခွေးတွေ မီးထပ်ရှို့သွားတာ မီးလောင် ပျက်စီးသွားတာ အိမ်ခြေ ၆၀ ကျော်သွားပြီလို့ သိရပါတယ်။ ပြည်သူတွေလည်း အရေးပေါ် စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ လိုအပ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ပုလောမြို့နယ်အတွင်းရှိ ပလမြို့ပေါ် ၄ ရပ်ကွက်ကိုလည်း ဇန်နဝါရီလ ၂၇ ရက်နေ့ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၇၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းကလည်း ပလမြို့ အနီးရှိ တိုရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article