ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်၊ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်ဖြစ်မြောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များနှင့်ပတ်သက်၍ ရှင်း လင်းချက်များ ထုတ်ပြန်ပေးခဲ့မှုကို ကြိုဆိုကြောင်း ဖော်ပြထားသည်။
ထိုသို့ ရှင်းလင်းတင်ပြမှုများ ပြုလုပ်ပြီးနောက် စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းမှ စတင်ကာ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ယခင် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အပေါ် တိုင်ကြားချက်များကို NUG ဘက်မှ စုံစမ်းစစ်ဆေးပြီးနောက် အဂတိ လိုက်စားမှု မတွေ့ရှိကြောင်း ဆုံးဖြတ်ခဲ့မှုကို လက်မခံနိုင်ကြောင်း ကြေညာကာ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့သည်။ ထို့အပြင် CDM ပြုလုပ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်များ၊ အရေးယူဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို အစီရင်ခံစာအဖြစ် ထုတ်ပြန်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်လည်း ကျင်းပခဲ့သည်။
စုံစမ်းစစ်ဆေးမှုအပြီးတွင် ဒေါ်ကြည်ပြာ၏ ခင်ပွန်းနှင့် ဆက်နွယ်သူ နှစ်ဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း သိရပြီး ဒေါ်ကြည်ပြာကလည်း ကျန်းမာရေးအခြေအနေကြောင့် ရာထူးမှ နှုတ်ထွက်စာတင်ခဲ့ကြောင်း ကြေညာထားသည်။
ထုတ်ပြန်ချက်တွင် ပြည်သူ့အသံနှင့် CDM အဖွဲ့အစည်းများ၏ အသံကို နားထောင်ကာ ရှင်းလင်းချက် ထုတ်ပြန်ပေးခဲ့မှုအပေါ် ကြိုဆိုကြောင်း ဖော်ပြထားပြီး စုံစမ်းစစ်ဆေးရေးနှင့် ဆက်နွယ်သည့် ကတိပြုချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖြောင့်မတ်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
ထို့အပြင် အကောင်အထည်ဖော်မှုများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဖော်ပြထား သည်။
လက်ရှိတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို မတ်လ ၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်အထိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။




