ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများ အလုပ် လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ ဆောင် ရွက်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ထိုင်းအလုပ်သမားဝန်ကြီးဌာနက တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ယခင်က အဆိုပါ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်လုပ်ကိုင်ခွင့် သက် တမ်းတိုးရန် နောက်ဆုံးရက်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၂၄ ရက်နေ့အထိသာ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သို့သော် လုပ်သားများအနေဖြင့် စနစ်အတွင်းမှ ပြုတ်ကျကာ အထောက်အထားမဲ့များ ဖြစ်မသွားစေရန်နှင့် အခက် အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ ရက်ချိန်းကို ထပ်မံတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီး Ms. Treenuch Thienthong ဦးဆောင်သည့် နိုင်ငံ ခြားလုပ်သားစီမံခန့်ခွဲမှု မူဝါဒကော်မတီ အစည်း အဝေးတွင် ၂၀၂၅ ခုနှစ်၊ နိုဝင် ဘာလ ၁၁ ရက်နေ့ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ အလုပ်လုပ်ကိုင်ခွင့် လျှော က်ထားရာတွင် ကြုံတွေ့နေရသည့် အဟန့်အတားများကို ဖြေရှင်းရန်၊ကျန်းမာ ရေးအာမခံ အထောက်အထားများ တင်ပြခြင်း၊ ဆေးစစ်ခြင်းနှင့် အလုပ်လုပ် ကိုင်ခွင့်ကြေး ဘတ် ၉၀၀ (အမေရိကန်ဒေါ်လာ ၂၉ ခန့်) ပေးဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို အချိန်ထပ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
အလုပ်သမားဝန်ကြီး၏ ပြောကြားချက်အရ စုစုပေါင်း ရွှေ့ပြောင်းလုပ်သား ၈၉၀,၇၈၆ ဦးအနက် ၃၇၅,၀၃၈ ဦးမှာ လုပ်ငန်းစဉ်များကို အပြီးသတ် ဆောင် ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ထို့ကြောင့် စီးပွားရေးကဏ္ဍတွင် လုပ်သားရှားပါးမှု မဖြစ်ပေါ်စေရန်နှင့် နိုင်ငံ တော်၏ လုပ်သားအင်အား တည်ငြိမ်မှုရှိစေရန်အတွက် ယခုကဲ့သို့ အချိန်တိုးမြှင့်ပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရအဖွဲ့ (Cabinet) ထံသို့ ဆက်လက်တင်ပြကာ အတည်ပြုချက် ရယူသွားမည်ဖြစ်ပြီး၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများ ထိုင်းနိုင်ငံတွင် အထူးခွင့်ပြုချက်ဖြင့် ဆက်လက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သည့် ထုတ်ပြန်ချက်များကို အမြန်ဆုံး ရေးဆွဲဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။




