ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ကံစုတာဆုံကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး စစ်တပ်က PDF ရဲဘော် ကြယ်လေးကို အရှင်ဖမ်းမိသော်လည်း ပစ်သတ်ခဲ့ကြောင်း ၃၈၀၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် နတ်တလင်းမြို့နယ် ကံစုတာဆုံကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက နံနက် ၈ နာရီထိ ခုခံ တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်က နှစ်ဖက်ပိတ်၍ ရှေ့တိုးလာသောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည် ဆုတ်ခွာစဉ် ရဲဘော် ကြယ်လေးကို စစ်တပ်က အရှင်ဖမ်းမိခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးခံရသော ရဲဘော် ကြယ်လေးကိုလည်း စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့တိုက်ပွဲမှ ပြန်လည် ဆုတ်ခွာလာနိုင်သော PDF ရဲဘော် ရောင်နီသည်လည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူစဉ် ထပ်မံ ကျဆုံးခဲ့ကြောင်း သိရသည်။
“အဲတိုက်ပွဲမှာ ရဲဘော် ၂ ဦးကျတယ်။ ၃ ယောက် ဒဏ်ရာရတယ်။ စစ်ခွေးစစ်ကြောင်း တက်လာတာတော့သိတယ်။ စစ်ခွေးတွေ ၂ ဖက် ပိတ်ထားတာဆိုတော့ ရဲဘော်တွေ အကျအဆုံးဖြစ်သွားတာ စစ်ခွေးတွေဘက်ကလည်း အကျအဆုံး တော်တော်များတယ်။ တိုက်ပွဲကြာချိန်ကလည်း နံနက် ၅ နာရီ ထိုးလောက်ကနေ ဖြစ်လိုက်တာ နံနက် ၈ နာရီကျော်တဲ့ အထိ ဖြစ်ခဲ့တယ်။ အဲတိုက်ပွဲမှာ စစ်ခွေးဘက်က ၈ ယောက်လောက်သေတယ်။ စစ်သားအလောင်းတွေကို သူတို့ တပ်စွဲတဲ့ အချိန်မှာ ဒရုန်းနဲ့ ကျနော်တို့ လိုက်ချတာတွေလည်းရှိတယ်” ဟု ၃၈၀၁ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ၃၈၀၁ တပ်ရင်း တပ်ခွဲ ၂ ဖီးနစ်တပ်ဖွဲ့၊ ၃၈၀၁ တပ်ရင်း တပ်ခွဲ ၆ ဧရာညီနောင် တပ်ဖွဲ့နှင့် သာယာဝတီခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




