28 C
Yangon

ရွာငံတွင် စစ်တပ်အထိုင်ချ နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ရဲမှူး မြင့်နိုင်ဦးနှင့် စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးကာ သေနတ် ၁၀ လက်နှင့် ခဲယမ်း သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဖေဖော်၀ါရီ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့တွင် အကြမ်းဖက် စစ်တပ် အထိုင်ချ နေရာနှင့် စစ်ကြောင်းတို့ကို တိုက်ခိုက်ခဲ့ရာ ရဲမှူး မြင့်နိုင်ဦးနှင့် စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးကာ သေနတ် ၁၀ လက်နှင့် ခဲယမ်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ် ၁၀၀၃ တပ်ရင်း / ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် / Danu PDF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ရွာငံမြို့နယ်၊ မျှားကလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးခဲ့ပြီး နာရေးကားများဖြင့် ထိခိုက်သေဆုံးသော စစ်သားများကို လာရောက်သယ်ဆောင်သွားကြောင်း၊ တိုက်ပွဲအတွင်း သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း ကျောက်ငှက် -အုတ်တွင်း လမ်းပိုင်းတွင် ကင်းလှည့်နေသော စစ်တပ်ကို ထပ်မံတိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သေနတ် ၅ လက် ၊ ကျည် ၆၀၀ ၊ အီနာဂါ ၁ လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနှင့် ကျည်ဘောက် ၁၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင်လည်း ရွာငံမြို့‌၊ ရွှေပွင့်လင်းဘုရားအနီးတွင် ခရီးသွားကားများကို တားဆီးငွေညှစ်နေသည့် အကြမ်းဖက် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက် ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ရွာငံမြို့ တောင်ဘက် မြို့အဝင်ဂိတ်၊ မြန်မာ့စီးပွား ရေးဘဏ်တွင် တပ်စွဲထားသော စစ်သားများကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ရဲမှူး မြင့်နိုင်ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စာရင်းအတိအကျကတော့ သိရသလောက်ပဲ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ အခုထုတ်ပြန်တာကလည်း တိုက်ပွဲဖော်ဆောင်တဲ့အခါ ပြည်သူတွေကြားမညှပ်ဖို့ အသိပေးထုတ်ပြန်ခြင်းမျိုးပါပဲ” ဟု ၁၀၀၃ တပ်ရင်း / ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် / Danu PDF အဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article