28 C
Yangon

ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွန်၍ ချက်နိုင်ငံထုတ် Let L410 လေယာဉ်များ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာပြီး စစ်ဆင်ရေးနှင့်ထောက်ပို့အတွက် စစ်တပ်က အဓိက အသုံးပြုနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ဥရောပသမဂ္ဂ (EU) ၏ စီးပွားရေးပိတ်ဆို့မှုများကို ချိုးဖောက်ကာ ချက်သမ္မတနိုင်ငံထုတ် Let L410 အမျိုးအစား လေယာဉ်များ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိနေကြောင်း Myanmar Witness အဖွဲ့၏ စုံစမ်းဖော်ထုတ်ချက်အရ သိရှိရသည်။

Myanmar Witness အဖွဲ့က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ချက်ကုမ္ပဏီ Aircraft Industries က ထုတ်လုပ်သော Let L410-UVP E20 Turbolet အမျိုးအစား လေယာဉ် ၃ စီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး လေတပ်အတွင်း ထည့်သွင်းအသုံးပြုခဲ့သည်ကို ပထမအကြိမ် ခြေရာခံနိုင်ခဲ့ကြောင်း၊ ယခုအခါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် နောက်ထပ် လေယာဉ် ၂ စီး ထပ်မံရောက်ရှိလာသည့် သက်သေအထောက် အထားအသစ်များကို ထပ်မံအတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေယာဉ်များအနက် နောက်ဆုံးတစ်စီးမှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာ နိုင်ငံသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ချက်အစိုးရကမူ အဆိုပါလေယာဉ်များကို မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ထံသို့ အရပ်ဘက်သုံးရန်အတွက်သာ ရောင်းချပေးပို့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

သို့သော်လည်း Myanmar Witness ၏ လေ့လာဆန်းစစ်ချက်များအရ စစ်တပ်သည် လွန်ခဲ့သည့် ၁၂ နှစ်တာကာလအတွင်း လေယာဉ်များကို MAI ကဲ့သို့သော အရပ်ဘက်လေကြောင်းလိုင်းများမှတစ်ဆင့် တင်သွင်းပြီးမှ လေတပ်အတွင်းသို့ ပြန်လည်လွှဲပြောင်းအသုံးပြုသည့် နည်းလမ်းကို အစဉ်တစိုက် ကျင့်သုံးနေကြောင်း စုံစမ်းဖော်ထုတ်ထားသည်။

ထို့ကြောင့် ယခုရောက်ရှိလာသည့် လေယာဉ်များသည်လည်း အရပ်ဘက်သုံးရန်မဟုတ်ဘဲ စစ်တပ်၏ စစ်ဆင်ရေးများတွင် အသုံးပြုရန် ဖြစ်နိုင်သည့်အတွက် ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည့် လုပ်ရပ်ဖြစ်ကြောင်း Myanmar Witness ထောက်ပြထားသည်။

“အဲဒီ ချက်နိုင်ငံက ထုတ်တဲ့ Let L410 လေယာဉ် တွေက Y12 နဲ့ Y8 လေယာဉ် တွေလိုပဲ သယ်ယူပို့ဆောင်ရေး နောက်ပိုင်း ရိက္ခာတွေ ချတယ်။ ရိက္ခာထုပ်တွေ လေကြောင်းကနေ ချပေးတယ်။ ပြီးရင် လူသယ်ယာဉ်အဖြစ် သုံးတယ်။ ခုနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ တွေ့ရသလောက် ယောနယ်တွေမှာ ဗုံးတွေချပြီး တိုက်ခိုက်နေတာမျိုးတွေလည်း ပြုလုပ်တယ်။ Y12 နဲ့ Y8 ပုံစံမျိုး သယ်ယူပို့ဆောင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကနေမှ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာမှာလည်း သုံးနေတာ တွေ့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

အဆိုပါ ချက်ကုမ္ပဏီက ထုတ်လုပ်သော Let L-410 UVP-E20 လေယာဉ်များသည် ၂၀၂၂ မှ ၂၀၂၃ ထုတ်ဆိုပါက အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်းမှ ၆ ဒသမ ၉၅ သန်းအထိ ခရီးသည် ၁၉ ဦးအထိ တင်ဆောင်နိုင်ကြောင်း၊ GE H80-200 အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး တိုတောင်းသော ပြေးလမ်းများတွင် တက်နိုင်၊ ဆင်းနိုင်သည့် စွမ်းဆောင်ရည် ရှိကြောင်း၊ ပုံမှန်အားဖြင့် လေယာဉ်ပျံတက်ရန် ပြေးလမ်းအရှည် ၅၁၀ မီတာခန့်သာ လိုအပ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article