ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ မြို့တော် အဘူဒါဘီတွင် အီရန်ဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်အမြောက်အမြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း အနည်းဆုံး လူတစ်ဦး သေဆုံးသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ယူအေအီးက အီရန်တိုက်ခိုက်မှုကို ပြန်တုံ့မည်
———————————————
ယူအေအီးအစိုးရက “ဤတိုက်ခိုက်မှုသည် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်” ဟု ဆိုကာ ဤအခြေအနေအပေါ် ပြန်လည်တုံ့ပြန်ရန်အတွက် ၎င်းတို့တွင် အပြည့်အဝ အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။
ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ အီရန်၏ ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများအပြားကို အောင်မြင်စွာ ကြားဖြတ်ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
ယူအေအီးနိုင်ငံ၊ အဘူဒါဘီရှိ လူနေရပ်ကွက်တစ်ခုအတွင်းသို့ ဒုံးကျည်အကျိုးအပဲ့များ ကျရောက်ခဲ့ရာ အာရှနိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး အဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက ဤတိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး အရပ်သားပစ်မှတ်များနှင့် အမျိုးသားအဆောက်အအုံများကို တိုက်ခိုက်ခြင်းသည် သူရဲဘောကြောင်သော လုပ် ရပ်ဖြစ်ကာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။
ယူအေအီးက နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်သော အစီအမံအားလုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး မည်သည့်ခြိမ်းခြောက်မှုကိုမဆို ရင်ဆိုင်ရန် အပြည့်အဝ အသင့်ရှိနေကြောင်း ဆိုသည်။
ဂျော်ဒန်နိုင်ငံကလည်း ဒုံးကျည်နှစ်စင်း ပစ်ချ
——————————————-
ဂျော်ဒန်စစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့နိုင်ငံ၏ ဝေဟင်အထက်တွင် ဘလက်စတစ်ဒုံးကျည်နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဒုံးကျည်များကို မည်သည့်ဘက်က ပစ်လွှတ်လိုက်သည်ကိုမူ ချက်ချင်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဘာရိန်းနိုင်ငံကလည်း အီရန်၏ တိုက်ခိုက်မှုကို အချုပ်အခြာအာဏာချိုးဖောက်မှုအဖြစ် ကြေညာ
——————————————————-
ဘာရိန်းနိုင်ငံအတွင်းရှိ နေရာများနှင့် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရကြောင်း ဘာရိန်းအစိုးရက အတည်ပြုလိုက်ပြီး ၎င်းသည် နိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများသည် ဘာရိန်းနိုင်ငံသားများနှင့် နေထိုင်သူများ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် “သစ္စာဖောက်သည့် တိုက်ခိုက်မှုများ” ဖြစ်ကြောင်း ဘာရိန်းအစိုးရက ကြေညာသည်။
ဓာတ်ပုံ- အီရန်၏ ပစ်ခတ်မှုကြောင့် ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်း မီးလောင်နေစဉ်။




