27 C
Yangon

ကူဝိတ်တွင် အမေရိကန် တိုက်လေယာဉ် ပျက်ကျသွားပြီး တစ်နိုင်ငံလုံး လေကြောင်းရန် သတိ ပေးချက်များ ထွက်ပေါ်နေ

Must read

ရန်ကုန်၊ မတ် ၂

အရှေ့အလယ်ပိုင်းဒေသ၊ ကူဝိတ်နိုင်ငံ၊ အယ်လ်ဂျာရာမြို့ အနောက်ဘက်မှာ အမေရိကန်လေတပ်ရဲ့ F-15E Strike Eagle တိုက်လေယာဉ်တစ်စီး ပျက်ကျသွားတယ်လို့ လူမှုကွန်ရက်ပေါ်က ဗီဒီယိုဖိုင်တွေနဲ့ အာရပ်သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

အမေရိကန်တိုက်လေယာဉ်ပေါ်ပါလာတဲ့ လေယာဉ်မှူးနဲ့ အခြားလေယာဉ်အမှုထမ်း နှစ်ဦးစလုံးဟာ လေယာဉ်ထဲကနေ အချိန်မီ ခုန်ထွက်နိုင်ခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေအရ ကောင်းကင်မှာ မီးခိုးဖြူတွေ မြင်တွေ့ရပြီး လေယာဉ်အမှုထမ်းတစ်ဦး လေထီးနဲ့ ဆင်းသက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် အဲဒီလေယာဉ်မှူးကို ဒေသခံတွေက အရပ်ဘက်သုံးကားတစ်စီးပေါ် တင်ဆောင်ပေးပြီး ကူဝိတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးအပ်ခဲ့ကြပါတယ်။

လေယာဉ်ဟာ စက်ချို့ယွင်းချက်ကြောင့် ပျက်ကျတာလား ဒါမှမဟုတ် “Friendly Fire” လို့ခေါ်တဲ့ မိမိဘက်တော်သားအချင်းချင်း မှားယွင်းပစ်ခတ်မိတာလားဆိုတာကိုတော့ အမေရိကန်နဲ့ ကူဝိတ်အာဏာ ပိုင်တွေဘက်က အတည် ပြုချက် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အမေရိကန် နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မှာပဲ ကူဝိတ်နိုင်ငံတစ်ဝန်းမှာ လေကြောင်းရန်ကာကွယ်ရေး ဆိုင်းရင်သံတွေ ဆူညံစွာ ထွက်ပေါ်လာခဲ့ပါတယ်။

ကူဝိတ်ရှိ အမေရိကန်သံရုံးက အရေးပေါ် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အမေရိကန်နိုင်ငံသားတွေအနေနဲ့ သံရုံးကို လုံးဝ (လုံးဝ) မလာကြဖို့ ညွှန်ကြားထားပါတယ်။

“ကူဝိတ်နိုင်ငံအပေါ် ဒုံးကျည်နဲ့ ဒရုန်း (UAV) တိုက်ခိုက်မှုတွေ ခံရနိုင်တဲ့ အန္တရာယ် ဆက်ရှိနေပါတယ်။ အပြင်ကို မထွက်ပါနဲ့။ ကိုယ့်နေအိမ်ရဲ့ အနိမ့်ဆုံးအထပ် ဒါမှမဟုတ် ပြတင်းပေါက်တွေနဲ့ ဝေးရာနေရာတွေမှာ ခိုလှုံနေထိုင်ကြပါ” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ရှိမှာ သံရုံးဝန်ထမ်းတွေကိုယ်တိုင်လည်း ဘေးကင်းရာနေရာတွေမှာ ခိုလှုံနေကြပြီး နိုင်ငံသားတွေအနေနဲ့လည်း တိုက်ခိုက်မှုဖြစ်လာရင် လိုက်နာရမယ့် လုံခြုံရေးအစီအမံတွေကို ပြန်လည်စစ်ဆေးထားကြဖို့ တိုက်တွန်းထားပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article