27 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန်

Must read

ရန်ကုန်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဆက်ကြေးကောက်ပြီး မိုင်းရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မုံရွာမြို့နယ် တောပုပျူစောထီးရွာမှ အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် ဆက်ကြေးကောက်ပြီး မိုင်းရှာရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်သားနှင့် ပျူစောထီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကြေးမုံရွာရှိ ပြည်သူပိုင် နေအိမ်တစ်လုံးမှ ကား ၁ စီးနှင့် ပိုက်ဆံများကို လာရောက်ခိုးယူပြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ခြေထောက်တွင် ကျည်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တောပုပျူစောထီးရွာက စစ်ခွေးတွေနဲ့ ပျူခွေးတွေ ဆက်ကြေးကောက်ဖို့နဲ့ မိုင်းရှာဖို့ ထွက်လာတာကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ တိုက်ခိုက်မှုအတွင်းမှာတော့ စစ်ခွေး ၄ ကောင် ဒဏ်ရာရပြီး ၁ ကောင် သေဆုံးတယ်လို့ သိရတယ်။ ညပိုင်းရောက်တော့ စစ်ခွေးတွေက ကြေးမုံရွာကို ဝင်စီးပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု Brave Heart Army – BHA အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART AYMY.BHA ၊ MONYWA DYNAMITE.STF ၊ CHINDWIN FIGHTER GROUP.CFG နှင့် MONYWA Special -ဒိတ်ဒိတ်ကြဲ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ရေးအသိ-စစ်ရေးသတိဖြင့် သွားလာကြရန် တော်လှန်တပ်ဖွဲ့က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article