27 C
Yangon

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမှ နယ်စပ်မြို့များအထိ စက်သုံးဆီ အကျပ်အတည်းပြန်ဆိုက်၊ ဆိုင်များပိတ်ထားပြီး လိုသလောက် ဝယ်မရဘဲ တန်းစီစနစ်ဖြင့် ကြိတ်ကြိတ်တိုး ဝယ်နေရ

Must read

ရန်ကုန်၊ မတ် ၄

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် နယ်စပ်မြို့များအထိ စက်သုံးဆီ အကျပ်အတည်း ပြန်လည် ဖြစ်ပေါ်နေပြီး ဆီဆိုင်အချို့ ပိတ်ထားရခြင်း၊ အကန့်အသတ်ဖြင့်သာ ရောင်းချနေခြင်းတို့ကြောင့် ပြည်သူများ တန်းစီစနစ်ဖြင့် ကြိတ်ကြိတ်တိုး ဝယ်ယူနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စတင်ခဲ့သော အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီ တင်သွင်းရေး လမ်းကြောင်းများတွင် အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံအတွင်း လောင်စာဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရကြောင်း ဒေသသတင်းရင်းမြစ်များက ပြောကြားသည်။ ရက်ပိုင်းအတွင်း ဆီပြတ်လပ်နိုင်ကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။

လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ရေလမ်းကြောင်းတစ်လျှောက် လောင်စာဆီသယ်ယူပို့ဆောင်မှုများ အခက်အခဲကြုံတွေ့နေရသည့်အတွက် စက်သုံးဆီ ချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေး ရည်ရွယ်ကာ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအား စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အသုံးပြုရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်တပ်၏ ထုတ်ပြန်ချက်ထွက်ပေါ်ပြီးနောက် ယနေ့နံနက် ၅ နာရီဝန်းကျင်မှစတင်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့ကြီးများတွင် ဆီဆိုင်များရှေ့တွင် ကားတန်းရှည်များ၊ ဆိုင်ကယ်တန်းများ ပြန်လည်ပေါ်ထွက်လာခဲ့သည်။

ယနေ့ နေပြည်တော်တွင် ဆီဆိုင်တိုင်း ကားတန်းရှည်၊ ဆိုင်ကယ်တန်းရှည်များဖြင့် ကြိတ်ကြိတ်တိုးနေပြီး ရန်ကုန်နှင့် မန္တလေးတွင်လည်း အလားတူဖြစ်နေသည်။ ဆီဆိုင်များက အကန့်အသတ်များဖြင့် ရောင်းချပြီး ဆီမရှိတော့ဟုဆိုကာ လှည့်ပြန်ခိုင်းနေသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့တို့တွင် ဆီဆိုင်များအားလုံးပိတ်ထားပြီး မနက်ပိုင်း ခဏတာမျှသာ ဆီရောင်းချပေးသည်ဟု သိရှိရသည်။

ဖားကန့်မြို့နယ်နေ ပြည်သူတစ်ဦးက “ဒီနေ့ကစပြီး ဆိုင်တော်တော်များများ အကန့်အသတ်နဲ့ပဲ ရောင်းတော့တာ။ ဆိုင်ကယ်ဆိုရင် အပြည့်ထည့်ချင်ရင် အပြည့်ပဲ ထည့်ပေးတယ်၊ ပုံတွေနဲ့ မရောင်းတော့ဘူး။ တချို့ဆိုင်တွေက ပုံဝါ ၅ ဂါလံပုန်းတွေနဲ့ တန်းစီရောင်းပေးနေသေးတယ်။ ကားဆိုရင်လည်း ကားထဲမှာပဲ အပြည့်ထည့်ပေးတယ်။ ပါဆယ်မပေးတော့ဘူး။ ပေပါလိုက်တွေလည်း မရောင်းတော့ဘူး။ ဈေးနှုန်းတော့ မတက်သေးဘူး”

ဟု ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များတွင်လည်း ဆီပြတ်လပ်နိုင်ကြောင်း သတင်းများကြောင့် ဆီဆိုင်များတွင် လူစုလူဝေး တိုးဝှေ့တန်းစီ ဝယ်ယူနေရပြီး အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သတင်းရင်းမြစ်တစ်ဦးက“တစ်မြို့နဲ့တစ်မြို့ အခြေအနေမတူဘူး။ တချို့မြို့တွေ ဆီပြတ်နေပြီ။ တချို့က ကား၊ ဆိုင်ကယ်လောက်ပဲ ဖြည့်ပေးတယ်၊ ပါဆယ်မရတော့ဘူး။ တန်းစီဝယ်ယူနေရတယ်။ ဈေးမတက်သေးပေမယ့် ရက်ပိုင်းလောက်ဆိုရင် ဆီပြတ်နိုင်တယ်”ဟု ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်တွင်လည်း မြ၀တီမြို့မှ ပြင်္ညသူများက ကားများပေါ်တွင် ပေပါလိုက်တင်၍ ဝယ်ယူသိုလှောင်မှုများကြောင့် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ဆိုင်အချို့ ပိတ်ထားရကြောင်း ဒေသခံများက ပြောသည်။

မဲဆောက်မြို့နေ ပြည်သူတစ်ဦးက “ကားတွေ ပေပါလိုက်တင်ပြီး တန်းစီဝယ်နေကြတယ်။ တချို့ဆိုင်တွေ ဆီပြတ်လို့ ပိတ်ထားရပြီ။ ကားတန်းကြီးရှည်ရှည်နဲ့ မြန်မာဘက်ခြမ်းလိုပဲ ဖြစ်နေပြီ။ ဈေးနှုန်းတော့ မတက်သေးဘူး”

ဟု ပြောကြားသည်။

လတ်တလောတွင် ထိုင်းနိုင်ငံအစိုးရက ဒီဇယ်ဆီဈေးနှုန်းကို တစ်လီတာလျှင် ၂၉ ဒသမ ၉၄ ဘတ်ဖြင့် သတ်မှတ်ထားပြီး နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ကလည်း နိုင်ငံတဝန်းရှိ ဆီဆိုင်များတွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို ၁၅ ရက်ကြာ မတက်ဘဲ ရောင်းချပေးရန် သတ်မှတ်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ထိုင်းဘက်မှ မော်တော်ယာဉ်မောင်းနှင်သူများအား ဆီပုံးများ သို့မဟုတ် သယ်ယူရလွယ်ကူသော ခွက်များဖြင့် ဆီဖြည့်တင်းခြင်းကို ယာယီရှောင်ကြဉ်ရန် တိုက်တွန်းထားပြီး ကား၊ ကုန်တင်ကားနှင့် လုပ်ငန်းသုံးယာဉ်များအတွက် ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံတဝန်းတွင် စက်သုံးဆီအကျပ်အတည်း ပြန်လည်မြင့်တက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး ပြည်သူများအနေဖြင့် လိုအပ်သလို သိုလှောင်ဝယ်ယူမှုများကြောင့် ပိုမိုပြတ်လပ်နိုင်သည့် အန္တရာယ်လည်း ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article