ရန်ကုန်၊ မတ် ၄
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
ထို့ပြင် မတ်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကညင်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၇ နှစ်အရွယ် စောအယ်တော်စေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျွန်းကြီးကျေးရွာအတွင်းကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် စောအယ်ကော်စေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို လူတစုက အုပ်စုဖွဲ့၍ လိုက်လံခိုးယူနေကြောင်း အောင်လံလူထုအဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။
မတ်လ ၁ ရက်မှ စတင်၍ မတ်လ ၃ ရက်နေ့အထိ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ဒါးစမ်းကျေးရွာအပါအဝင် ရွာပေါင်း ၇ ခုကျော်မှ ပြည်သူ ၃၀၀၀ ကျော်ခန့်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့သို့ ပြည်သူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် လူတစုသည် နေအိမ်များကို စိတ်ကြိုက် ဖောက်ထွင်း၍ ပြည်သူပိုင် ဆိုင်ကယ်များ၊ ဗုံးခိုကျင်းများအတွင်း ဝှက်ထားခဲ့သော ဆန်အိတ်၊ ပဲအိတ်များနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို လိုက်လံ ခိုးယူနေကြောင်း သိရသည်။
“စစ်ခွေးတွေကပဲ လိုက်ခိုးခိုင်းတာလား ပျူတွေကပဲ လိုက်ခိုးနေတာလားတော့ မသိဘူး။ တိမ်းရှောင်နေရတဲ့ ရွာထဲက ပစ္စည်းအားလုံးကို လိုက်ခိုးနေကျတာ ပစ္စည်းတော်တော်များများ အခိုးခံရတယ်။ ကျနော်တို့လည်း စစ်ရှောင်နေရတာဆိုတော့ ရွာထဲမှာ အချိန်ပြည့်မနေနိုင်ဘူး။ ဘယ်သူတွေ ဦးဆောင်ပြီး လုပ်နေလဲတော့မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်ထိ ဆင်တုတ်(ချင်းကုန်းကြီး)၊ အင်းတော်သာ၊ အင်းရွာကြီး၊ ဒါးစမ်း၊ ကန်စွန်းအင်းနှင့်ကျောက်ဆောင်း ကျေးရွာအပါဝင် ကျေးရွာ ၇ ခုမှ ပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။




