ရန်ကုန်၊ မတ် ၅
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တာဝန်ထမ်းဆောင်မည့် နောက်တိုး မျိုးဆက်သစ် စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာလျှင် တာဝန်ထမ်းဆောင်ရန် သတ်မှတ်မည်ဟု သိရှိရကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၁၁ ခုနှစ်မှစတင်၍ စစ်အာဏာရှင် သန်းရွှေ၏ ရွေးချယ်မှုဖြင့် စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ၁၅ နှစ်အထိ တာဝန်ထမ်းဆောင်လာခဲ့ပြီးဖြစ်ကြောင်း၊ မင်းအောင်လှိုင်အလွန် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ထမ်းဆောင်မည့် မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်များအနေဖြင့် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၅ နှစ်သက်တမ်း ၁ ကြိမ်သာ ထမ်းဆောင်ရန် သတ်မှတ်ထားရှိမည်ဟု သိရှိရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
“တပ်မတော်ထဲမှာ အခု သိရတာက အခုလက်ရှိ တပ်ချုပ် အလွန် ဖြစ်လာမယ့် တပ်ချုပ်အသစ်တွေက ၅ နှစ် သက်တမ်း ၁ ကြိမ်ပဲ တာဝန်ထမ်းဆောင်ရမယ်ဆိုပြီး သိရတယ်။ အဲဒါကို ကကနညွှန်ကြားလွှာနဲ့ပဲ သတ်မှတ်မယ်လို့ သိရတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်အာဏာသိမ်းပြီး ထုတ်ပြန်ခဲသော ကာကွယ်ရေးဌာနကောင်စီ(ကကန) ညွှန်ကြားလွှာ ၁/၂၀၂၁ အရ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးတို့အတွက် တာဝန်ထမ်းဆောင်နိုင်သည့် အသက်ကန့်သတ်ချက် သတ်မှတ်ထားရှိခဲ့မှုကို ပယ်ဖျက်ခဲ့သော်လည်း လာမည့် အနာဂတ် တပ်ချုပ်အသစ်များအတွက်မူ အသက်နှင့် တာဝန်ထမ်းဆောင်နိုင်သည့် ရာထူး အကြိမ်ရေကိုပါ ကန့်သတ်ရန် ရှိနေကြောင်း သိရှိရသည်။
လတ်တလော အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို စွန့်လွှတ်၍ သမ္မတလုပ်မည်ဆိုသော သတင်းများက စစ်တပ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း မင်းအောင်လှိုင်က ၎င်း၏ လူယုံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို စစ်တပ်တွင် နံပါတ် ၂ ခေါင်းဆောင်ဟု ခေါ်ဆိုရမည့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးကို ပေးအပ်ခဲ့ပြီး စစ်ဗိုလ်ချုပ်အများအပြားကိုလည်း ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့သည်။




