ရန်ကုန်၊ မတ် ၅
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသားများကို ကားဖြင့် သယ်ဆောင်လာစဉ် ထိုင်းအာဏာပိုင်များက ကြားဖြတ်ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။
ယမန်နေ့ မတ်လ ၄ ရက် ည ၁၁ နာရီအချိန် မဲဆောက်မြို့နယ်၊ မဲကုကျေးရွာအုပ်စုရှိ မဲကုသစ်-သာ့ဆွန်း လမ်းပိုင်းတွင် တရားမဝင် လုပ်သားများ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက လမ်းဘေးစိုက်ခင်းများအတွင်း ကင်းပုန်းဝပ်၍ စောင့်ဆိုင်းခဲ့ကြောင်း၊ ထိုသို့ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် အဖြူရောင် Isuzu D-Max လေးဘီးယက် ကားတစ်စီး ရောက်ရှိလာသဖြင့် တားဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကား၏ အတွင်းခန်းနှင့် နောက်ဖုံးပိတ်ထားသည့် ကားနောက်ခန်းတို့အတွင်း၌ ပြည့်ကျပ်စွာ လိုက်ပါလာသော မြန်မာလုပ်သားများကို တွေ့ရှိခဲ့ရပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၂၁ ဦး လိုက်ပါလာကြောင်း၊ တရားမဝင် ဝင်ရောက်လာသော အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၅ ဦး နှင့်အတူ အထုပ်အပိုးများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း၊ ကားမောင်းသူမှာ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား နိုင်ဝင်းဗိုလ် ဆိုသူဖြစ်ကြောင်း သိရှိရသည်။
စစ်ဆေးမေးမြန်းချက်များအရ အဆိုပါ မြန်မာလုပ်သားများသည် မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စုရှိ သောင်ရင်းမြစ် ကူးတို့ဂိတ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ပြည်တွင်းရှိ အခြားခရိုင်များသို့ သွားရောက်လုပ်ကိုင်ရန်အတွက် ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၃၀၀ စီ ပေးဆောင်ခဲ့ရကြောင်း ဝန်ခံခဲ့ကြသည်။
လက်ရှိတွင် ကားမောင်းသူ နိုင်ဝင်းဗိုလ်ကို “တရားမဝင် ဝင်ရောက်လာသူများကို ဖုံးကွယ်ပေးမှု သို့မဟုတ် ကူညီပေးမှု” ဖြင့်လည်းကောင်း၊ ကျန်မြန်မာနိုင်ငံသား ၂၁ ဦးအား “ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းသို့ ဝင်ရောက်နေထိုင်မှု” ဖြင့်လည်းကောင်း အမှုဖွင့်ထားပြီး၊ သက်သေခံပစ္စည်းများနှင့်အတူ မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ကာ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။






