31 C
Yangon

စစ်အုပ်စုက CEIR စနစ်ဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများကို စောင့်ကြည့်သည့်အပြင် မိုဘိုင်းလ်ဖုန်းဟန်းဆက်များအပေါ် အခွန်ကောက်မည်

Must read

ရန်ကုန်၊ မတ် ၅

အကြမ်းဖက်စစ်အုပ်စုက ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ Central Equipment Identity Register (CEIR) စနစ်ကို စတင်အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းအသုံးပြုသူများကို စောင့်ကြည့်မည့်အပြင် ဖုန်းဟန်းဆက်များအပေါ်တွင်လည်း အခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်တပ်၏ ယနေ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

CEIR စနစ်မှာ မိုဘိုင်းလ် ဖုန်းတစ်လုံးချင်းစီ၏ International Mobile Equipment Identity (IMEI Code) နံပါတ်များကို ဗဟိုမှ ထိန်းချုပ်မှတ်ပုံတင်သည့် စနစ်ဖြစ်ပြီး အဆိုပါစနစ်ကို အသုံးပြုခြင်းဖြင့် ဖုန်းပျောက်ဆုံးခြင်း သို့မဟုတ် ခိုးယူခံရခြင်းများအတွက် လှမ်းပိတ်နိုင်သည့် အားသာချက်ရှိသည်ဟု ဆိုသော်လည်း၊ မြန်မာနိုင်ငံကဲ့သို့သော အခြေအနေတွင် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို IMEI နံပါတ်နှင့် ချိတ်ဆက်ကာ စစ်အုပ်စုက ပိုမိုစောင့်ကြည့်လာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက သတိပေးသည်။

အဆိုပါစနစ်အရ ဆင်းကတ် (Sim Card) သာမက ဖုန်းဟန်းဆက်ကိုပါ မှတ်တမ်းတင်ထားမည်ဖြစ်သဖြင့် အသုံးပြုသူ မည်သူမည်ဝါဖြစ်သည်ကို ပိုမိုတိကျစွာ ခြေရာခံနိုင်မည် ဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ဆိုသည်။

လက်ရှိအသုံးပြုနေသော မိုဘိုင်းလ်ဖုန်းများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးရမည် ဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖုန်းများတွင် ဆင်းကတ် (Sim Card) တစ်ခုခု ထည့်သွင်းအသုံးပြုထားမှသာ CEIR စာရင်းအတွင်းသို့ အလိုအလျောက် ထည့်သွင်းပေးမည်ဖြစ်ပြီး အခွန်ပေးဆောင်ရန် မလိုကြောင်း စစ်တပ်က ကြေညာထားသည်။

သို့သော် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မိုဘိုင်းလ်ဖုန်းထဲတွင် ဖုန်းဆင်းကတ် ထည့်သွင်းထားခြင်း မရှိပါက သို့မဟုတ် မှတ်ပုံတင်ထားခြင်း မရှိပါက လာမည့် ဧပြီလ ၁ ရက်နေ့မှစ၍ အဆိုပါမိုဘိုင်းလ်ဖုန်းဟန်းဆက်များသည် ဆက်သွယ်ရေးကွန်ရက်များဖြစ်သည့် MPT၊ ATOM, Ooredoo၊ Mytel တို့ နှင့် ချိတ်ဆက်အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း သိရှိရသည်။

လာမည့် မတ်လ ၃၁ ရက်နေ့နောက်ပိုင်းတွင် ပြည်တွင်းသို့ ဝင်ရောက်လာသည့် ဖုန်းဟန်းဆက်များကို အခွန် ကောက်ခံမည်ဖြစ်ပြီး အသစ်ဝယ်ယူသည့် ဖုန်းများ၊ ပြည်ပမှ တင်သွင်းလာသည့် ဖုန်းများနှင့် နိုင်ငံခြားမှ ပါရှိလာသည့် ဖုန်းများအတွက် တန်ဖိုးအလိုက် အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ပေးဆောင်ရမည့် အခွန်နှုန်းထားများမှာ အကောက်ခွန် (CD) ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် (CT) – ၅ ဒသမ ၂၅ ရာခိုင်နှုန်း၊ ရွေးယူခ ဒဏ်ကြေး (RF) – ၂၅ ရာခိုင်နှုန်း စုစုပေါင်း ဖုန်းတစ်လုံးတန်ဖိုး၏ ၃၅ ဒသမ ၂၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်​ကြောင်း သိရှိရသည်။

အဆိုပါ အခွန်နှုန်းထားများအရ ၁၀ သိန်းတန်ဖုန်းတစ်လုံးလျှင် အခွန်ပေးဆောင်ပြီးပါက ၁၃ သိန်းခွဲကျော် ဖြစ်သွားနိုင်ပြီး၊ သိန်း ၆၀ တန်ဖုန်းတစ်လုံးလျှင် ၈၁ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်သွားနိုင်ကြောင်း၊ ထိုသို့ အခွန်ကောက်ခံမှုကြောင့် ပြည်တွင်းဖုန်းဈေးကွက်အတွင်း ဖုန်းဈေးနှုန်းများ အဆမတန် ကြီးမြင့်လာမည့်အရေးကို ဖုန်းရောင်းချသူများနှင့် အသုံးပြုသူများက စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။

ပြည်တွင်းရှိ မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအနေဖြင့် မိမိတို့ဖုန်း၏ IMEI နံပါတ်ကို CEIR စနစ်တွင် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို https://www.ceir.gov.mm ဝက်ဘ်ဆိုက်တွင် ဝင်ရောက်စစ်ဆေးနိုင်ပြီး အသေးစိတ် သိရှိလိုပါက CEIR Call Center ဖုန်းနံပါတ် ၁၈၇၇ နှင့် ၁၈၈၈ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း CEIR နှင့် EIR စနစ် စီမံခန့်ခွဲရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

Photo: Paula Bronstein

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article