28 C
Yangon

မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ဝင်းဝရွာအနီးကို လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က ဝင်းဝရွာအနီးကို လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၅ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် မြိတ်-ထား၀ယ် အမှတ် ၈ လမ်းပိုင်းရှိ ၀င်း၀ စစ်တပ် စခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်သည် သရက်ချောင်းမြို့နယ်၊ ဝင်းဝရွာအနီးကို ယနေ့ မတ်လ ၅ ရက်နေ့ နံနက် အစောပိုင်းနှင့် ယမန်နေ့ မတ်လ ၄ ရက်နေ့တို့တွင် လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည်လည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အခြေနေကတော့ ချနေတုန်းပဲ။ မနေ့ညကတည်းက ချနေတာ ဒီနေ့နံနက် အစောကြီးလည်း တိုက်ပွဲဖြစ်သေးတယ်။ မြိတ်-ထား၀ယ် ပြည်ထောင်စု အမှတ် ၈ လမ်းပိုင်းက ၀င်း၀စခန်းကို စစ်ကူလာတဲ့ စစ်ခွေးတွေနဲ့ တိုက်ပွဲဖြစ်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ အထိနာလို့ လေယာဉ်နဲ့က နေ့တိုင်းကို ကျဲနေတာ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိတ်-ထားဝယ်လမ်းပိုင်း စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြိတ်-ထားဝယ် လမ်းပိုင်းသည်လည်း တိုက်ပွဲများ ဖြစ်ပွားနေချိန်မှ စတင်၍ လက်ရှိချိန်ထိ ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ထားဆဲဖြစ်ပြီး ခရီးသွား ပြည်သူများနှင့် ကုန်ကားများလည်းလက်ရှိချိန်ထိ ပိတ်မိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ သရက်ချောင်းမြို့နယ်အတွင်းရှိ စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာတို့ကို Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ် ၊ Jet Fighter ဖြင့် ၈ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ပြည်သူ (၁၀) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၀၉ တပ်ရင်းကလည်း ပြည်သူ ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article