35 C
Yangon

မြန်မာ့အရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တံခါးပိတ်၍ ထပ်မံ ဆွေးနွေးကြဦးမည်

Must read

ရန်ကုန်၊ မတ် ၆

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများနှင့် စပ် လျဉ်း၍ အမေရိကန်စံတော်ချိန် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် တံခါးပိတ်အစည်း အဝေးတစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ma. Theresa P. Lazaro တို့က မြန်မာ့အရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြမည် ဖြစ် သည်။

မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို ဗြိတိန်နိုင်ငံက ခေါ်ယူလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှစ်ဦးထံမှ မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေများကို တင်ပြချက်ရယူရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ အပိုင်း ၃ ခုခွဲ၍ ကျင်းပခဲ့သော စစ်တပ်၏ ရွေးကောက်ပွဲများအပြီး ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်သည်။

စစ်တပ်၏ ရွေးကောက်ပွဲတွင် စစ်ကောင်စီကျောထောက်နောက်ခံပြုထားသည့်ကြံ့ဖွတ်- USDP က အနိုင်ရရှိခဲ့ပြီး လာမည့် ဧပြီလတွင် အစိုးရသစ်ဖွဲ့စည်းရန်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတအဖြစ် တာဝန်ယူရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews တို့က စစ်တပ်၏ ရွေး ကောက်ပွဲကို တရားမဝင်သော၊ လိမ်လည်လှည့်ဖြားသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြသည်။

သို့ရာတွင် NLD ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၀ ကျော်ကို ပါဝင်ခွင့်ပိတ်ပင်ထားခြင်း၊ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၃ မြို့နယ်တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်ခြင်းနှင့် ရိုဟင်ဂျာများအပါအဝင် နေရပ်စွန့်ခွာသူများကို မဲပေးခွင့်မပြုခြင်းတို့ကြောင့် ယင်းရွေးကောက်ပွဲမှာ လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ၎င်းတို့က ထောက်ပြထားသည်။

မြန်မာ့အရေးနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီဝင် နိုင်ငံများကြားတွင် သဘောထားများ သိသိသာသာ ကွဲလွဲနေဆဲကြောင်း၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက ရွေး ကောက်ပွဲရလဒ်များကို လက်မခံဘဲ ယင်းသည် မြန်မာ့အကျပ်အတည်းအတွက် အဖြေမဟုတ်ကြောင်း ရှုမြင်ကြသည်။

တရုတ်နှင့် ရုရှားကမူ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို ကြိုဆိုခဲ့ကြသည်။

ရုရှားနိုင်ငံက ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံနှင့် ၅ နှစ်ကြာ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရုတ်နိုင်ငံကလည်း မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားရန် နိုင်ငံတကာကို တိုက်တွန်းသည်။

ယမန်နှစ် ၂၀၂၅ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးသူငယ်များအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ကြောင်း OHCHR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် စစ်တပ်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများနှင့် အရပ်သားများအပေါ် စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ကုလသမဂ္ဂ တာဝန်ရှိသူများက ပြင်းထန်စွာ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

ဗြိတိန်နိုင်ငံက မြန်မာ့အရေးနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီက ပိုမိုတက်ကြွစွာ ဆောင် ရွက်ရန် တိုက်တွန်းလိုသော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာ့အရေးမှာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှု မရှိကြောင်း ပြောဆိုကာ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article