ယခင်ဓားပြမှု၊ ရိုက်မှုအပါအဝင် ပြစ်မှုများစွာကိုလည်း ကြံ့ဖွတ်ပါတီ၏ ကူညီမှုဖြင့် လာဘ်ထိုး၍ အမှုကြေအေးခဲ့
ရန်ကုန်၊ မတ် ၁၁
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ဘုရားငုတ်တို စစ်ရေးဂိတ်တွင် စစ်တပ်ကို သေသည်အထိ ချစ်ခင်နေသည်ဟု ကြွေးကြော်ထားသော လူသတ်ထောင်ထွက် သရုပ်ဆောင် မင်းအုပ်စိုးကို လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိကြောင်း စစ်တပ်ထောက်ခံသည့် လော်ဘီတယ်လီဂရမ်ချန်နယ်များက သတင်းထုတ်ပြန်သည်။
မတ်လ ၉ ရက်နေ့ ည ၁၀ နာရီခန့် ဘုရားငုတ်တို စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာနေသော ယာဉ်များကို ရပ်တန့်စစ်ဆေးရှာဖွေစဉ် ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်းအတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S-…. အနက်ရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်၌ သေနတ်နံပါတ် A 895629၊ Made In CZECH REPUBLIC စာတန်းပါ CZ 75D COMPACT 9X19 ပစ္စတိုသေနတ် ၁ လက်နှင့် 9X19 ကျည်ဆံ ၇ တောင့်ပါရှိသည့် ကျည်အိမ် ၁ ခု တပ်လျက်သားတို့ကို ရှာဖွေတွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မင်းအုပ်စိုးက ၎င်း၏ ကာကွယ်ခုခံပိုင်ခွင့်အတွက် သေနတ်ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်းနှင့် မည်သည့်အကြမ်းဖက်အဖွဲ့အစည်းများနှင့်မျှ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ထွက်ဆိုခဲ့ကြောင်း၊ သို့သော်လည်း လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ ခွင့်ပြုချက်တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့်အတွက် ဥပဒေနှင့်အညီ အရေးယူရန် တွံတေးမြို့မရဲစခန်းတွင် (ပ) ၆၅/၂၀၂၆၊ ၂၀၂၃ ခုနှစ် လက် နက်ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။
သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူထုတ်ဝေသော သရပါ မဂ္ဂဇင်းမှအယ်ဒီ တာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့သောကြောင့် လူသတ်မှုဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင် OASIS တည်းခိုးခန်းကို မင်းအုပ်စိုးနှင့်အဖွဲ့က ဝင်ရောက် ရမ်းကားပြီး ရိုက်နှက် ဓားပြတိုက်ကြောင်း၊ ထို့နောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် OASIS တည်းခိုခန်းမှ အရိုက်နှက်ခံရသူများက အမှုဖွင့်သဖြင့် မင်းအုပ်စိုးကို ဓားပြမှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး တရားရုံးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ သို့ရာတွင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဗဟန်းမြို့နယ်၊ ဖိုးစိန်နေအိမ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ချိတ် ပိတ်လိုက်ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် ဓားပြမှုဖြင့် ထွက်ပြေးတိမ်းရှောင်စဉ် မင်းအုပ်စိုးက စစ်တပ်နှင့်ကြံ့ဖွတ်ပါတီခေါင်း ဆောင်များကို အကူအညီတောင်းခံခဲ့ပြီး စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဆဲဖြစ်ကြောင်း၊ နောက်ဆုံးထွက်သက်အထိ စစ်တပ်ကို ချစ်ခင်ယုံကြည် အားကိုး လေးစားနေမည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားအကူအညီတောင်းခံခဲ့သည်။
ထိုသို့ရေးသားခဲ့ပြီးနောက် စစ်တပ်နှင့် ကြံ့ဖွတ်ပါတီက မင်းအုပ်စိုးကို ကူညီခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော ဓားပြမှုကို စစ်တပ်က ပြန်လည် ပိတ်သိမ်းပေးခဲ့ကြောင်း၊ ယင်းနောက် ချိတ်ပိတ်ခဲ့သော မင်းအုပ်စိုး၏ နေအိမ်ကိုလည်း စစ်တပ်က ပြန်ပေးခဲ့ကာ ဓားပြမှုဖြင့် အမှုဖွင့်လှစ်ခဲ့သူများကိုလည်း မင်းအုပ်စိုးက လျှော်ကြေးအဖြစ် ငွေပေးခဲ့ရကြောင်း ကြံ့ခိုင်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။
မင်းအုပ်စိုးသည် ၂၀၂၅ ခုနှစ်အတွင်း ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးရေးများတွင် ပါဝင်ခဲ့ပြီး ကြံ့ဖွတ် ပါတီဥက္ကဋ္ဌ ခင်ရီနှင့် မကြာခဏဆိုသလို တွေ့ဆုံခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့ ကြံ့ဖွတ်ပါတီဌာနချုပ်တွင် ခင်ရီ အပါအဝင် ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။






