ရန်ကုန်၊ မတ် ၁၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့နေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး သောင်းနှင့်ချီသော ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် မြင်းခြံမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ် တပ်သည် ပတ္တာရွာ နှင့် သင်္ဘောတင်ရွာကို မီးရှို့ဖျက်ဆီးပြီး မြောက်ကျွန်းရွာကို ဆက်လက် စစ် ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မြောက်ကျွန်းရွာနှင့် တောင်ကျွန်းရွာကို ဆက် လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်ကြောင်းသည် ကမ်းပါးနီရွာကို ရောက်ရှိနေပြီး နေအိမ်များကို ဆက်လက်မီးရှို့နေကာ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်နေကြောင်း သိရှိရသည်။
“မနေ့က စစ်ခွေးစစ်ကြောင်းက ပတ္တာရွာနဲ့ သင်္ဘောတင်ရွာကို မီးရှို့ပြီး ဆက်ထိုးလာတဲ့ အချိန်မှာ မြောက်ကျွန်းရွာနားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာ စစ်ခွေးတွေက မြောက်ကျွန်းရွာနဲ့ တောင်ကျွန်းရွာကို ဆက်ရှို့တယ်။ ဒီနေ့လည်း စစ်ခွေးစစ်ကြောင်းက ကမ်းပါးနီရွာကို ဆက်ရှို့နေတယ်။ အနီးအနားရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
မတ်လ ၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာဘက်မှ ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာနှင့် ရွှေညောင်ပင်ရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းတွင် ပတ္တာရွာနှင့် ခေါင်းကွဲရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် အောင်ပြည်စိုးရွာ၊ ရှာတောကုန်းရွာ၊ ပြည်တော်သာရွာ၊ ရွှေညောင်ပင်ရွာ၊ ပတ္တာရွာ၊ ခေါင်းကွဲရွာ၊ သင်္ဘောတင်ရွာ ၊ မြောက်ကျွန်းရွာ၊ တောင်ကျွန်းရွာနှင့် ကမ်းပါးနီရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်က မော်လိုက်မြို့နယ်အတွင်းရှိ ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




