ရန်ကုန်၊ မတ် ၁၄
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကျေးရွာတွင် စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုအပါအဝင် ပြည်သူများကို သတ်ဖြတ်နေသော စစ်တပ်၏ အတုအယောင်လွှတ်တော်နှင့် အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို တရားဝင်မှုမပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက တောင်းဆိုလိုက်သည်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ဓားစာခံပြည်သူများကို စစ်တပ်က သတ် ဖြတ်ခဲ့ပြီး သေဆုံးသွားသူ များနှင့် ပြည်သူများထံမှ နားဋောင်း၊ဆွဲကြိုး၊ငွေများကို ဖြုတ်ယူသွား ကြောင်း ယနေ့မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
မတ်လ ၅ ရက်နံနက် ၅ နာရီခန့်က ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ခရုကုန်းကျေးရွာ နှင့် ကျောင်း ကုန်းကျေးရွာတို့အတွင်းသို့ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ခံ တပ်မ ၇၇ ဦး ဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ၄ ကြောင်းဖြင့် ဝင်ရောက်ပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၃၀၀ ကျော်ကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း၊ ထိုနောက် ပြည်သူများ ပုန်းခိုနေသည့် ဘုန်း ကြီး ကျောင်းကို စစ် တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၅ ဦးသေဆုံးပြီး ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးကိုလည်း လက်နက်ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“၅ ရက်နေ့ သေနတ်ပစ်သံကြားတော့ ကျနော်တို့ကပုန်းကျင်းထဲမှာဝင်နေကြတယ်၊ မနက် ၁၀ နာရီ လောက်ကျတော့ ဘုန်းကြီး ကျောင်းထဲကို ပစ်ချတာ၊ ကျောင်းထဲမှာရှိတဲ့ကလေးတွေရော၊ လူကြီး တွေရော အသံတိတ်သွားတယ်။ အဲဒီမှာ ဘုန်းကြီးကျောင်းထဲသို့သွားကြည့်တော့ ဘုန်းကြီးကျောင်း ထောင့်ကနေ သေနတ်နဲ့လှမ်းပစ်တာ၊ အဲဒါနဲ့မှောက်ခုံမှောက်လိုက်ရတာ၊ အဲဒီပြီးတော့ သေချင် လည်း သေတော့ဆိုပြီး ကျောင်းထဲအထိပြေးကြည့်တော့ သူငယ်ချင်းတွေ၊ မိန်းမတွေဖြစ်နေတာ၊ အဲဒါနဲ့ ရတဲ့သူတွေခေါ်ထုတ်ပြီး ပြန်ပြေးလာတာ၊ နောက်တစ်ခေါက်သွားမယ်ဆိုတော့ မင်းတို့တစ် ယောက်မှ မသွားနဲ့ဆိုပြီးလာတော့ ကျနော်တော့လည်းမသွားရဲတော့ဘူး။ ဒဏ်ရတဲ့ ကလေးလေးနှစ် ယောက်ဆိုရင်မိုးချုပ်ခါနီးမှသွားယူလာခဲ့ရတယ်။ သူ့အမေကတော့ သေသွားတယ်၊” ဟု ဒေသနေ ပြည်သူ ကိုဇော်(နာမည်လွှဲ)က သတင်းစာရှင်းပွဲတွင်ပြောကြားသည်။
ထိုသို့ သေဆုံးသွားသော ပြည်သူများထံမှ လက်ဝတ်ရတနာများဖြစ်သည့် နားဋောင်း၊ ဆွဲကြိုး၊ ငွေကြေးများကိုလည်း စစ်သားများ က ဖြုတ်ယူသွားကြောင်း ရုပ်အလောင်းများကို မြေမြှုပ်သင်္ဂြိုလ် ပေးခဲ့ရသည့် ကိုဇော် (အမည်လွှဲ) ကဆက်လက်ရှင်းပြသည်။
“မနက်ခင်းကျတော့မှ သူငယ်ချင်းတွေကနေ မင်းက အတွေ့အကြုံရှိတယ်၊ မသာတွေဘာတွေ ကိုင် ဖူးလုပ်ဖူးတယ်ဆိုတော့ လုပ်ပေးပါအုံးဆိုလို့ ဝိုင်းကူလုပ် ပေးရတာ၊ ကျင်းဝိုင်းတူးပေးတယ်၊ ကျနော် တို့ မြေမြှုပ်ပေးခဲ့တယ်။ မြေမြှုပ်တာတောင်မှ ညနေ ၆ နာရီလောက်မှ မြှုပ်ပေးခဲ့ရတာ၊ သေတဲ့သူ တွေ ကဆီက နားထောင်းတွေရော၊ ဘာတွေရော အကုန်လုံးဖြုတ်သွားတယ်။ ပိုက်ဆံတွေရော အ ကုန် လုံးယူသွားတာ၊ ကျနော်တို့ မသာချတော့ မရှိတော့ဘူး။ သေတဲ့နေ့ကတော့ နားထောင်တွေ ဘာတွေအကုန်လုံးပါတယ်။ အလောင်းသွားမြှုပ်တဲ့အခါကျတော့ နားဋောင်းတွေလည်းမရှိတော့ဘူး။ ပြီးတော့ ဖမ်းထားတဲ့ ပြည်သူတွေဆီကလည်း နားဋောင်းတွေရော၊ ဆွဲကြိုးတွေရော၊ ပိုက်ဆံတွေရော အလုံးယူ သွားတယ်၊ အဲဒီရှေ့မှာပုံထားဆိုပြီးခိုင်းတာ၊ ထမီကအစ ခါချခိုင်းတယ်။ အဲဒီလိုခါချပေးပြီး တော့မှ လူရှိတဲ့နေရာ သွားစုဆိုပြီး ခိုင်းတာ၊” ဟု ၎င်းက ပြောဆိုသည်။
ထိုသို့ စစ်တပ်က ဓားစာခံဖမ်းဆီးထားသည့် ပြည်သူများကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက အနီးကပ်အထိသွားရောက်ကာ ကယ်ထုတ်ခဲ့ရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး အသက်ပေးခဲ့ရ ကြောင်း၊ လက်ရှိအချိန်အထိ ယင်းနေရာတွင် စစ်ဆိုင်ထားဆဲဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့အထိ စစ်တပ်က ပြည်သူ ၅ ဦးနှင့်အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ရေ ၅၂၀ ရှိကာ ပြည်သူ ၅၅၀၅ ဦးသေဆုံး ကာ ဂျက်ဖိုက်တာ၊ ဒရုန်း၊ ဂျိုက်ရိုကော်ပတာ၊ ပါရာမော်တာတို့ကို အသုံးပြုကာ ကျူးလွန်သည့် လေ ကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၅,၀၄၁ ခုရှိပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် ၁၀,၆၅၁ ကြိမ် ရှိခဲ့ကာ အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ ၅,၀၇၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိခိုက်သေဆုံးခဲ့ကြရသော ပြည်သူတစ်ဦးတစ်ယောက် ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျန်ရစ်သူမိသားစုများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ထိရောက်သော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်တပ်သည် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပြီး အတုအယောင် လွှတ် တော်တစ်ရပ် ခေါ်ယူရန်နှင့် အစိုးရအမည်ခံ စစ်တပ်လက်အောက်ခံ ဟန်ပြအစုအဖွဲ့တစ်ခုကို ဖွဲ့ စည်းရန် ပြင်ဆင်နေသည်နှင့် တစ်ပြိုင်နက်တည်းတွင် ပြည်သူ လူထုအား ပစ်မှတ်ထားတိုက်ခိုက် သည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများ၊ အစု လိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာ အနေဖြင့် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို လျစ်လျူရှု မ ထားဘဲ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများကို အမြန်ဆုံး ဆောင်ရွက်ကြရန်၊ အကြမ်းဖက် စစ်တပ် ထံသို့ လေကြောင်းသုံးယာဉ်များ၊ လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီအပါအဝင် လောင်စာ ဆီ များ တင်ပို့ရောင်းချခြင်းများကို ရပ်တန့်ကြရန်နှင့် အကြမ်းဖက်စစ်တပ်ကို အသွင်ပြောင်းထား ခြင်းသာ ဖြစ်မည့် အတုအယောင်လွှတ်တော်နှင့် အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို တရားဝင်မှုလုံးဝ ပေးအပ် ခြင်း မပြုကြရန် NUG အစိုးရက တိုက်တွန်းတောင်းဆိုထားသည်။




