ရန်ကုန်၊ မတ် ၁၅
မြန်မာစစ်တပ်က ဦးစီးကျင်းပခဲ့သော ရွေးကောက်ပွဲများသည် လွတ်လပ်ပြီး တရားမျှတမှု လုံးဝမရှိဘဲ မြန်မာ့အရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံ (UK) သံအမတ်ကြီး Eleanor Sanders က ပြောဆိုလိုက်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် ဗြိတိန်နိုင်ငံ သံအမတ်ကြီးက ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ယူကေနိုင်ငံအနေဖြင့် မြန်မာ့အရေးအတွက် အစဉ်တစိုက်တောင်းဆိုလျက်ရှိကြောင်း၊ မကြာသေးမီ စစ်တပ်လုပ်ဆောင်ခဲ့သည့် ရွေးကောက်ပွဲများကို အသိအမှတ်မပြုဘဲ လွတ်လပ်တရားမျှတမှု မရှိဟု သတ်မှတ်ကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်နှင့် အာဆီယံ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုကိုသာ ဆက်လက်ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်ခိုက်မှုများကို ချက်ချင်းရပ်ရန်၊ ကလေး သူငယ်များ အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်။
ယင်းအပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများအပါအဝင် ရာဇဝတ် မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်ရန်လည်း ဗြိတိန်နိုင်ငံက တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသည့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ် သက်၍ ဗြိတိန်အနေဖြင့် များစွာစိုးရိမ်မိကြောင်း ၊ အထူးသဖြင့် အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပန်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံနေရခြင်းတို့ကို ဗြိတိန်နိုင်ငံက ထောက်ပြသည်။
မြန်မာစစ်တပ်က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပင်တားဆီးနေခြင်းကြောင့် သန်းပေါင်းများစွာသော ပြည်သူများ စားနပ် ရိက္ခာနှင့် ဆေးဝါးကုသခွင့်များ ဆုံးရှုံးနေရကြောင်း၊ ထို့ကြောင့် အဟန့်အတားမရှိသော အကူအညီများ ပေးအပ်ခွင့်ကို အရေးပေါ် ခွင့်ပြုရန် ဗြိတိန်က တိုက်တွန်းသည်။
ဗြိတိန်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်ရသူ (Penholder) အဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး၊ IIMM နှင့် Myanmar Witness စီမံကိန်းများမှတစ်ဆင့် တရားမျှတမှု ဖော်ဆောင်ရေးအတွက် အထောက်အထားများ စုဆောင်းခြင်းကို ကူညီပံ့ပိုးပေးသွားမည်ဟု ဗြိတိန်က ကတိပြုသည်။




