26 C
Yangon

KTLA ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ကော်လားဖိုး) အဖွဲ့ကို စစ်ကောင်စီ၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် KNU တပ်မဟာ ၄ က ကြေညာ

Must read

ရန်ကုန်၊ မတ် ၁၅

KTLA ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး (ကော်လားဖိုး) အဖွဲ့ကို အကြမ်းဖက် စစ်ကောင်စီ၏ မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ က ယနေ့ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဗိုလ်အယ်ခွီး နှင့် အဖွဲ့သည် ပြည်သူ့တော်လှန်ရေးအား ဆန့်ကျင်နှောင့်ယှက်လှုပ်ရှားနေသည်မှာ ယခုထိတိုင်ဆောင်ရွက်နေကြောင်း၊ နာမည်ပျက်များနှင့် ကျော်ကြားခဲ့သော ဗိုလ်အယ်ခွီး (ခေါ်) ကော်လားဖိုး သည် နအဖ လက်ထက် ကတည်းက စစ်အာဏာရှင်နှင့် ပြန်လည်ပူးပေါင်းသွားခဲ့ပြီး တော်လှန်ရေးအား သစ္စာဖောက်ခဲ့ကြောင်း၊ ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည်ဆိုသည့် ကြွေးကြော်သံဖြင့် ရိုးသားသော ဒေသခံ ကရင်ပြည်သူများနှင့် စစ်အာဏာသိမ်းမှုကို လက်မခံသည့် PDF များ အား သိမ်းသွင်းစည်းရုံးခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ်နှင့် ၂ဝ၂၆ ခုနှစ် ကာလအတွင်း တော်လှန်ရေး၏ စစ်ရေးအရှိန်မြင့်လာသည့်အချိန်တွင် ဗိုလ်အယ်ခွီး နှင့် အဖွဲ့သည် တပ်မဟာ ၄ နှင့် တော်လှန်ရေးအင်အားစုများ၏ နောက်တန်း စခန်းများ သာမက စစ်ကူနှင့် စားနပ်ရိက္ခာ၊ ဆေးဝါးပို့ဆောင်သည့်ယာဉ်များကိုလည်း မကြာခဏဆိုသလို ချုံခို တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့ သော်လည်း မည်သည့် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းပြီး ဘုံရန်သူကို တိုက်ခိုက်ခြင်း မရှိသလို တော်လှန်ရေးအင်အားစုများအား ချုံခိုတိုက်ခိုက် သတ်ဖြတ်ခြင်းသည် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ၏ စစ်ရေးနည်းဗျူဟာကို အကောင်အထည်ဖော် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သက်သေပြခြင်းပင် ဖြစ်သည်ဟု KNU တပ်မဟာ ၄ က ပြောဆို ထားသည်။

ပိုမိုဆိုးဝါးသည်မှာ အပြစ်မဲ့ပြည်သူများကို တပ်မဟာ ၄ နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ရက်ရက် စက်စက် သတ်ဖြတ်ခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေး ၊ စစ်ရေးနှင့် မပတ်သက်သော စီးပွားရေး လုပ်ငန်းရှင်များထံမှ ငွေကြေးမြောက်များစွာကိုလည်း တောင်းခံခြင်း၊ လုယက်ခြင်း များကို လုပ် ဆောင်ခဲ့ကြောင်း သိရသည်။

တဖက်တွင်လည်း KTLA မှ ကော်သူးလေ နိုင်ငံတော်အဖြစ် ကြေညာပြီး မိမိကိုယ်ကို အစိုးရဟု ကြွေး ကြော်ကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရမည့် အစား တော်လှန်ရေး အင်အားစုများ၏ စစ်အာဏာရှင် တိုက်ဖျက်ရေး လုပ်ငန်းများကို အမြဲတစေ နှောင့်ယှက် နေသည့် KTLA လက်အောက်ခံ ဗိုလ်အယ်ခွီး၏ လုပ်ရပ်များသည် အကြမ်းဖက်အာဏာသိမ်း စစ် ကောင်စီ အလိုကျ အလုပ်ကျွေးပြုကာ စစ်အာဏာရှင်စနစ် အသက်ဆက်ရေးကို ပံ့ပိုးနေခြင်းပင် ဖြစ်သည်ဟု KNU တပ်မဟာ ၄ က ပြောဆိုထားသည်။

မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄)နှင့် အခြားသော တော်လှန်ရေးအဖွဲ့များ၏ ဘုံရန်သူဖြစ် သည့် အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို ပြင်းထန်စွာတိုက်ခိုက် နေရသော ကြောင့် ငရံ့နီချောင်းဖျား၌ အခြေစိုက်သည့် ဗိုလ်အယ်ခွီးနှင့် အဖွဲ့အား အာရုံစိုက်မှု အားနည်းသည့် အပေါ် အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့များကို အစီအစဉ်ကျကျ တိုက်ခိုက်သည့် အပေါ်ပြင်းထန်စွာ ရှုံ့ချကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများ၏ ကိုယ်စား KNU မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) မှ ဗိုလ်အယ်ခွီး နှင့် အပေါင်းအပါများအား လူထုဆန့်ကျင်ရေး လုပ်ငန်းများ လုပ်ခြင်း၊ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီ/စစ်ကော်မရှင်၏ စစ်ရေးဗျူဟာအောက်၌ ပါဝင် ပတ်သက်ခြင်းများကြောင့် ၎င်းတို့အား အကြမ်းဖက် စစ်ကောင်စီ/စစ်ကော်မရှင်၏ မိတ်ဖက်အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ကြောင်းထုတ်ပြန် ကြေညာအပ်သည်” ဟု KNU တပ်မဟာ ၄ က ပြောဆိုထားသည်။

31-01-19 – PHOTO:- Steve Tickner
Soldiers on the parade ground
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article