ရန်ကုန်၊ မတ် ၂၆
မကွေးတိုင်းအတွင်းရှိ စလင်း၊ ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်များတွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်နှင့် ညနေ ၅ နာရီခန့်အချိန် စလင်းမြို့နယ်၊ သမြင်ကင်းကျေး ရွာအုပ်စုအတွင်းရှိ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းများဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကျေးရွာဘုန်းကြီးကျောင်း၊ မီးဖိုကျောင်းဆောင်နှင့် အိမ်သာ ၂ လုံး မီးလောင်ပျက်စီးခဲ့ရသည်။
ပြည်သူ့ညီနောင် – စလင်း သတင်းတာဝန်ခံ ကိုပြည်သူက “စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇီးအုပ်ဘုန်းကြီးကျောင်းကို ၂ ကြိမ်တိုင်တိုင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ပထမအကြိမ်မှာ စစ်ခွေးဒရုန်းနဲ့ တိုက်ခိုက်ခဲ့တုန်းက ဇီးအုပ်ကျောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ပြီး၊ ဒုတိယအကြိမ် ထပ်မံပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာက ဇီးအုပ်ဘုန်းကြီးကျောင်းရှိ မီးဖိုးကျောင်းဆောင်နဲ့ အိမ်သာ ၂ လုံး မီးလောင်ပျက်စီးသွားတာပါ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။
အလားတူ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်း ဆင်ဖြူကျွန်းမြို့ မြောက်ဘက်နှင့် စလင်းချောင်းမြောက်ဘက်ရှိ ကျေးရွာများကို အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ဒဏ်ရာရရှိပြီး နွား ၃ ကောင် သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ထို့အတူ ယနေ့ မတ်လ ၂၆ ရက်နေ့တွင်လည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ်ရှိ ကန်ဇွန်းထောင်ကျေးရွာအဝင်ကို စစ်ကောင်စီတပ်က ၅ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
ယင်းတိုက်ခိုက်မှုကြောင့် ကန်ဇွန်းထောင်ကျေးရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့သည်။
ဒေသပြည်သူတစ်ဦးက “စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ၅ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တာ။ ကန်ဇွန်းထောင်ကျေးရွာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ သိရတယ်။ နေအိမ် ၁ လုံး ပျက်စီးသွားတယ်၊ အချို့နေအိမ်တွေ မီးစွဲလောင်နေတယ်လို့ သိရတယ်။ ပြည်သူများအနေဖြင့် စစ်ခွေးတွေရဲ့ စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု သတိပေးပြောကြားခဲ့သည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ အရပ်သားပစ်မှတ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း တွေ့ရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာများမှ ပြည်သူ့နေအိမ်တချို့ မီးလောင်နေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




