27 C
Yangon

သိမ်ဆိပ်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာသက်ထူးအေးအောင်၏ မှားယွင်းဆေးထိုးမှုကြောင့် အသက် ၄ နှစ်အရွယ် မောင်ဖုန်းမြတ်ကို သေဆုံး၊ ဆေးမှတ်တမ်းမပေးဘဲ တိုင်ချင်ရာတိုင်ဟု ဆရာဝန်က စိန်ခေါ်

Must read

ရန်ကုန်၊ ဧပြီ ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန် ဒေါကတာသက်ထူးအေးအောင်၏ ပေါ့ဆစွာ ဆေးကုသမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက တရားမျှတမှု တောင်းဆိုနေကြသည်။

မတ်လ ၂၉ ရက်နေ့က ကလိကျွန်းကျေးရွာတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် မောင်ဖုန်းမြတ်ကိုသည် ဝမ်းအနည်းငယ်သွားသဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြသခဲ့သည်။

ဆေးရုံတွင် တာဝန်ကျဆရာဝန် ဒေါက်တာသက်ထူးအေးအောင်က ပိုးသတ်ဆေးထိုးရန် ညွှန်ကြားခဲ့ရာ၌ ကလေးငယ်မှာ ဆေးမတည့်သည့် လက္ခဏာများ မိနစ်ပိုင်းအတွင်း ပြလာပြီးနောက် အသက်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။

ကလေးငယ်၏ မိသားစုဝင်များက ဆရာဝန်၏ ကုသမှုအပေါ် ဆေးမတည့်မှုစစ်ဆေးခြင်း (Skin Test) မပြုလုပ်ခြင်း၊ ပြင်းထန်ပိုးသတ်ဆေးများ ထိုးနှံရာတွင် ဆေးနှင့် တည့်၊ မတည့်ကို အရေပြားပေါ်တွင် ကြိုတင်စမ်းသပ်ရမည် ဖြစ်သော်လည်း ဆရာဝန်က ယင်းသို့ပြုလုပ်ခြင်းမရှိဘဲ အတင်းအဓမ္မ ထိုးနှံခဲ့ကြောင်း ပြောဆိုသည်။

ကလေးငယ် အခြေအနေဆိုးရွားနေချိန်တွင် ဆရာဝန်က “နောက်ခါဆို ငါမလုပ်ပေးတော့ဘူး” ဟု ပြောဆိုခဲ့သည့်အပြင်၊ ကလေးငယ်သေဆုံးမှုအတွက် သွားရောက်မေးမြန်းရာတွင်လည်း “ဆေးမှတ်တမ်းမပေးနိုင်ကြောင်းနှင့် အမှုဖွင့်ချင်ဖွင့်၊ တရားစွဲချင်စွဲ၊ ကြိုက်သလိုတိုင်” ဟု တာဝန်မဲ့စွာ တုံ့ပြန်ခဲ့သည်။

ကလေးငယ် သေဆုံးသွားပြီးနောက် မည်သည့်ဆေးအမျိုးအစား ထိုးခဲ့သည်၊ မည်သည့်အကြောင်းကြောင့် သေဆုံးသည်ဟူသော ဆေးဘက်ဆိုင်ရာ မှတ်တမ်း (Medical Record) များကို မိသားစုထံ ပေးအပ်ခြင်းမရှိဘဲ လက်မှတ်တစ်ခုသာ အတင်းထိုးခိုင်းကာ အလောင်းကို ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ကွယ်လွန်သူ မောင်ဖုန်းမြတ်ကို၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးအသင်း၏ ကူညီမှုဖြင့် ကလိကျွန်းသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးငယ်အတွက် တရားမျှတမှုရရှိရန်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် တာဝန်မဲ့သော သိမ်ဆိပ်တိုက်နယ်ဆေးရုံမှ ဆရာဝန်ဒေါက်တာသက်ထူးအေးအောင်အား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူပေးရန် မိသားစုဝင်များက တောင်းဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article