27 C
Yangon

ရွှေပြည်သာမြို့နယ်ရှိ Bontech နှင့် နေရွှေဝင်း အထည်ချုပ်စက်ရုံတို့တွင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်များကို အလုပ်မှထုတ်ပယ်ပြီး အလုပ်သမားသမဂ္ဂများကို ဖြိုခွင်းနေ

Must read

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ Bontech နှင့် နေရွှေဝင်း အထည်ချုပ်စက်ရုံတို့တွင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်များကို အလုပ်မှထုတ်ပယ်ပြီး သမဂ္ဂများကို စနစ်တကျ ဖြိုခွင်းမှုများ ပြုလုပ်နေကြောင်း စက်မှုလုပ်သားသမဂ္ဂများအဖွဲ့ (STUM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၉ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ပတ္တမြားလမ်း၊ အမှတ် (၈၇/၈၈) ရှိ Bontech Manufacturing Co., Ltd အထည်ချုပ်စက်ရုံတွင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဖြစ်သူ မပြုံးဖြူပြာဝင်းကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ချိုးဖောက်သည်ဟူသော ခေါင်းစဉ်ပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့သည်။

အဆိုပါစက်ရုံတွင် သမဂ္ဂအလုပ်အမှုဆောင်များကို ဆက်တိုက်ဆိုသလို ဦးတည်ထုတ်ပယ်နေခြင်းဖြစ်ပြီး မေလ ၂၇ ရက်နေ့က အခြေခံအလုပ်သမားအဖွဲ့အစည်း (အလုပ်သမားသမဂ္ဂ) ၏ ဘဏ္ဍာရေးမှူးဖြစ်သူ ကိုဇင်ကိုထက်ကိုလည်းကောင်း၊ ပြီးခဲ့သည့် ဧပြီလအတွင်းက သမဂ္ဂအတွင်းရေးမှူးကိုလည်းကောင်း အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။

Bontech စက်ရုံသည် လွန်ခဲ့သော ၂၀၂۵ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း သမဂ္ဂအလုပ်အမှုဆောင် (EC) အဖွဲ့ဝင်အားလုံးနှင့် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များကို အလုပ်မှထုတ်ပယ်ခဲ့ဖူးသဖြင့် ယခုဖြစ်စဉ်သည် စက်ရုံအတွင်း ဒုတိယအကြိမ်မြောက် သမဂ္ဂဖြိုခွဲမှု (Union Busting) ပြုလုပ်ခြင်းဖြစ်သည်။

လက်ရှိတွင် Bontech စက်ရုံအား သမဂ္ဂဘက်မှ အလုပ်ခန့်ထားမှု သဘောတူစာချုပ် (EC) ချိုးဖောက်မှုများ၊ သမဂ္ဂအဖွဲ့အစည်းအား စနစ်တကျ ဖြိုခွင်းမှုများနှင့် လုပ်ခလစာကျန်ငွေများ ပေးချေရန် ပျက်ကွက်မှုများဖြင့် အမှုပေါင်း ၁၃ မှုအထိ တိုင်ကြားထားသော်လည်း စက်ရုံတာဝန်ရှိသူများဘက်မှ ဖြေရှင်းပေးခြင်းမရှိဘဲ တစ်နှစ်ကျော်ကြာသည်အထိ အချိန်ဆွဲထားကြောင်း STUM က ထုတ်ပြန်ထားသည်။

အလားတူပင် မေလ ၉ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ နေရွှေဝင်း အထည်ချုပ်စက်ရုံ၌ “အော်ဒါနှင့် ကုန်ကြမ်းနည်းပါးခြင်း” ဟူသော ခေါင်းစဉ်ပြကာ သမဂ္ဂအလုပ်အမှုဆောင် (EC) များနှင့် ဘဏ္ဍာရေးမှူးများအပါအဝင် အလုပ်သမား ၁၉ ဦးကို စတင်အလုပ်ထုတ်ပစ်ခဲ့ရာမှတစ်ဆင့် လက်ရှိတွင် အလုပ်သမား ၁၀၀ ကျော်အထိ ထပ်မံထုတ်ပယ်ခံရသည့် အခြေအနေအထိ ပြင်းထန်တင်းမာနေသည်။

ဝါးတရာစက်မှုဇုန်ရှိ နေရွှေဝင်းအထည်ချုပ်စက်ရုံသည် လုပ်သားအင်အား ၇၀၀ ဝန်းကျင်ဖြင့် လည်ပတ်နေပြီး Terranova, LC Waikiki, Defacto, Only နှင့် Calliope အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ် (Brands) အများအပြားကို ချုပ်လုပ်နေသည့် စက်ရုံတစ်ရုံဖြစ်သည်။ စက်ရုံတွင်းရှိ အလုပ်သမားများသည် ၎င်းတို့၏ ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို ကာကွယ်ရန်အတွက် အခြေခံအလုပ်သမားအဖွဲ့အစည်း (သမဂ္ဂ) နှစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

STUM မှ တာဝန်ရှိသူတစ်ဦးက စက်ရုံတွင်း ချိုးဖောက်မှုများကို လုပ်ချင်တိုင်းလုပ်၍မရမှာ စိုးရိမ်သဖြင့် လုပ်ငန်းရှင်များက သမဂ္ဂကို မကြိုက်ကြကြောင်း၊ ထို့ကြောင့် ခေါင်းစဉ်မျိုးစုံတပ်ကာ အလုပ်မှထုတ်ပယ်ကြခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ယခုအလုပ်ဖြုတ်ခံရသည့် မပြုံးဖြူပြာဝင်းသည် တိုင်းအဆင့်နှင့် မြို့နယ်အဆင့် အထည်ချုပ်အဖွဲ့အစည်းများတွင်ပါ EC တစ်ဦးအဖြစ် ပါဝင်သူဖြစ်သည်။ နေရွှေဝင်းစက်ရုံတွင်လည်း သမဂ္ဂအလုပ်အမှုဆောင်အားလုံးကို အလုပ်ဖြုတ်ပြီး၊ ထပ်မံဖွဲ့စည်းပါက ထပ်မံထုတ်ပယ်သည့်နည်းလမ်းဖြင့် နောက်နောင် သမဂ္ဂမဖွဲ့ရဲအောင် ခြိမ်းခြောက်ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် နေရွှေဝင်းစက်ရုံ၏ HR နှင့် Admin မန်နေဂျာဖြစ်သူသည် ယခင်က အလုပ်သမားရေး လှုပ်ရှားသူဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးသော်လည်း၊ လက်ရှိတွင် အလုပ်သမားရုံး (အလည) ထံမှ သမဂ္ဂအဖွဲ့ဝင်စာရင်းများကို ရယူကာ သမဂ္ဂကို ဖြိုခွဲရန် နောက်ကွယ်မှ စနစ်တကျ ပံ့ပိုးကူညီပေးနေကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article