27 C
Yangon

အင်ဒိုနီးရှားတွင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အင်ဒိုနီးရှားအာဏာပိုင်များက ဥပဒေသစ်အရ ယနေ့ ပထမဆုံးအကြိမ် လက်ခံ

Must read

ရန်ကုန်၊ ဧပြီ ၆

အင်ဒိုနီးရှားတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အင်ဒိုနီးရှားအာဏာပိုင်များက ဥပဒေသစ်အရ ပထမဆုံးအကြိမ် လက်ခံအမှုဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အရေးယူပေးရန် ရိုဟင်ဂျာ ၁ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံမှ ထင်ရှားကျော်ကြားသူလူပုဂ္ဂိုလ် ၁၀ ဦးတို့က အင်ဒိုနီးရှားနိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရ တရားဝင်ဖိုင်တွဲ တင်သွင်းတိုင်ကြားမှုကို အင်ဒိုနီးရှားအာဏာပိုင်များက လက်ခံလိုက်ခြင်းဖြစ်သည်။

အဆိုပါတရားစွဲဆိုမှုသည် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် စိတ်ကြိုက်ခြယ်လှယ်ထားသည့် ရွေး ကောက်ပွဲအပြီး ဖွဲ့စည်းလိုက်သော လွှတ်တော်မှတစ်ဆင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး ရက်ပိုင်းအတွင်းမှာပင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း အသက်ဘေးမှ လွတ်မြောက်လာသူ Yasmin Ullah က “အင်ဒိုနီးရှားရဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အောက်မှာ ကမ္ဘာလုံးဆိုင်ရာ တရား စီရင်ပိုင်ခွင့် (Universal Jurisdiction) နဲ့ တင်သွင်းတဲ့အမှုကို ပထမဆုံးအကြိမ် တရားဝင် လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုဆီ သွားနေတဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ ခရီးရှည်မှာ သမိုင်းဝင် မှတ်တိုင်တစ်ခုပါပဲ။ ကျွန်မတို့ လူမျိုးတွေကို သုတ်သင်ဖို့ စီစဉ်ခဲ့တဲ့ သူနဲ့ အခြားသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သူကို ဘာအပြစ်ဒဏ်မှ မခံရဘဲ သမ္မတအိမ်တော်ထဲမှာ သက်သောင့်သက်သာ ထိုင်နေခွင့် မပေးနိုင်ပါဘူး။”ဟု ပြောဆိုသည်။

အင်ဒိုနီးရှား ရှေ့နေချုပ်ဟောင်း Marzuki Darusman ကလည်း အဆိုပါအမှုတွဲတွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး မင်းအောင်လှိုင်အား တရားစီရင်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်ရန် အာဏာပိုင်များကို တိုက်တွန်းထားသည်။

၎င်းက “မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေ အဆုံးသတ်ဖို့ အင်ဒိုနီးရှားမှာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်” ဟု ဆိုသည်။

ယင်းအမှုကို ဦးဆောင်လိုက်ပါမည့် Themis Indonesia မှ ရှေ့နေ Feri Amsari က အင်ဒိုနီးရှားဥပဒေသစ်သည် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့ ရာဇဝတ်မှုမျိုးအတွက် မည်သည့်နေရာတွင် ကျူးလွန်သည်ဖြစ်စေ၊ မည်သူက ကျူးလွန်သည်ဖြစ်စေ အရေး ယူနိုင်သည့် အခွင့်အာဏာရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဥပဒေသစ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အင်ဒိုနီးရှားရဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ကျူးလွန်သူ ဒါမှမဟုတ် ခံရသူတွေက အင်ဒိုနီးရှားနိုင်ငံသား မဟုတ်တာ၊ အမှုဖြစ်ပွားတဲ့နေရာက အင်ဒိုနီးရှားမှာ မဟုတ်တာတွေက အရေးမကြီးပါဘူး။ ကျွန်တော်တို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးတွေကို စနစ်တကျ သတ်ဖြတ်၊ မုဒိမ်းကျင့်ဖို့နဲ့ သူတို့ရဲ့ လူနေမှုဘဝတွေကို ဖျက်ဆီးပစ်ဖို့ စစ်တပ်ကို အမိန့်ပေးခဲ့သူ ဖြစ်ပါတယ်။”ဟု ၎င်းက ရှင်းပြသည်။

Myanmar Accountability Project (MAP) ၏ ဒါရိုက်တာ Chris Gunness ကလည်း မြန်မာနိုင်ငံသည် ငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ၏ ဗဟိုချက်ဖြစ်လာပြီး ဒေသတွင်း ဒုက္ခသည်ပြဿနာများကိုပါ ဖြစ်ပေါ်စေနေကြောင်း ထောက်ပြသည်။

“အာဆီယံအတွင်းမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ခေတ်ဦး ရောက်လာပါပြီ။ မင်းအောင်လှိုင်ကို အရေးယူဖို့ အမှုတွဲကလည်း အရင်ကထက် ပိုပြီးခိုင်မာနေပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းအတွက် အရှက်ရစရာ ဖြစ်လာနေပြီး အတုအယောင် ရွေးကောက်ပွဲက ပြဿနာတွေကို ပိုပြီး နက်ရှိုင်းစေမှာပါ။ ဒါကြောင့် ချဉ်းကပ်ပုံအသစ်နဲ့ ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။”ဟု သူက ပြောသည်။

ယခုအမှုသည် အာဆီယံဒေသတွင်းတွင် မြန်မာစစ်ခေါင်းဆောင်အား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားဥပဒေအရ အရေးယူရန် ကြိုးပမ်းသည့် အရှိန်အဟုန်အမြင့်ဆုံး ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article