ရန်ကုန်၊ ဧပြီ ၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် မင်းအောင်လှိုင် ရောက်ရှိနေသည့် ယနေ့ ဧပြီလ ၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ May စိန်ရွှေရတနာဆိုင်ကို လူနှစ်ဦးက သေနတ်ပြ ခြိမ်းခြောက်ကာ ဝင်ရောက်လုယက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်အချိန် ပြင်ဦးလွင်မြို့၊ ချယ်ရီလမ်းမကြီးပေါ် ပြည်သာယာလမ်းနှင့် ရတနာလမ်းကြားတွင် ဖွင့်လှစ်ထားသော May စိန်ရွှေရတနာဆိုင်အတွင်းသို့ လူနှစ်ဦး ဝင်ရောက်လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်ကာ လုယက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လုယက်မှုအတွင်း ရွှေထည်ပစ္စည်း အမျိုးအစားပေါင်း ၄၀ ခန့် ပါသွားကြောင်း ကနဦး သတင်းများအရ သိရှိရသည်။
လုယက်မှု ကျူးလွန်သူ ၂ ဦးအနက် ၁ ဦးကိုမူ လက်နက်နှင့်တကွ ဖမ်းဆီးရမိထားပြီး ကျန်ရှိနေသည့် တစ်ဦးမှာမူ လုယက်ယူငင်ခဲ့သည့် လက်ဝတ်ရတနာ ပစ္စည်းများနှင့်အတူ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်။
မင်းအောင်လှိုင်သည် ယနေ့တွင် ပြင်ဦးလွင်မြို့တွင် ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သော သုမင်္ဂလာ စျေးဝယ်စင်တာကို လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး လုံခြုံရေးများ တင်းကျပ်ထားသည့် ကြားမှပင် ယခုကဲ့သို့ မြို့ပေါ် စိန်ရွှေရတနာဆိုင်ကို လက်နက်ကိုင် လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး လွတ်မြောက်နေသူကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။






