30 C
Yangon

အကြမ်းဖက်အစိုးရသစ်နှင့်ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် နိုင်ငံရေးရာထူးများ မရရှိခြင်း နှင့် နေရာ ပေးမခံရခြင်းတို့ကြောင့် ကြံ့ဖွတ်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ နှင့် ဗဟိုကော်မတီ အတွင်း မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေ

Must read

ရန်ကုန်၊ ဧပြီ ၉

မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် အစိုးရအသစ် နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် နိုင်ငံရေး ရာထူးများ မရရှိခြင်း နှင့် နေရာ ပေးမခံရခြင်းတို့ကြောင့် ကြံ့ဖွတ်ပါတီ ဗဟိုအလုပ် အမှုဆောင်နှင့် ဗဟိုကော်မတီအတွင်း မင်းအောင်လှိုင်အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၅ ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက ပြည်သူ့လွှတ်တော် (Lower House)တွင် အမတ်နေရာ ၂၃၁ နေရာ၊ အမျိုးသားလွှတ်တော် (Upper House)တွင် ၁၀၈ နေရာ စုစုပေါင်း ၃၃၉ နေရာ အနိုင်ရရှိခဲ့သော်လည်း သမ္မတနေရာမရှိသည့်အပြင် အစိုးရအဖွဲ့အတွင်း နိုင်ငံရေးရာထူးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများတွင် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက ပါဝင်ခွင့်မရရှိကြောင်း၊ အနိုင်ရပါတီတစ်ရပ်အနေဖြင့် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်ခွင့်ရရှိသည့်အရေအတွက်မှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိကြောင်း ပြောဆိုသည်။

“အစိုးရအဖွဲ့ရော၊ ပြည်ထောင်စုအဆင့်မှာရော အဖွဲ့တွေမှာရော ပြည်ခိုင်ဖြိုးက နေရာရရှိတာက ၁၀ ရာခိုင်နှုန်းအောက်ပဲရပါတယ်။ တကယ်တော်တဲ့ တကယ် အရည်အချင်းရှိတဲ့ လူပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေကို နေရာလည်းမပေးဘူး။ ချန်ထားခဲ့တာ။ ဒီအပေါ်မှာတော့ စိတ်မကောင်းလည်းဖြစ်ကြတယ်။ ဒေါသလည်းဖြစ်ကြတယ်။ ဒုတိယဥက္ကဋ္ဌကြီး ဦးမြတ်ဟိန်း၊ နောက်ဒုတိယဥက္ကဋ္ဌကြီး ဦးလှထွန်း၊ ပါတီအတွင်းရေးမှူးကြီး ဦးသောင်းအေးတို့ဆိုတာ အုပ်ချုပ်ရေးနဲ့ပတ်သက်လို့ သမ္ဘာရင့် ဝါရင့်ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ပေမယ့်လည်း တပ်ချုပ်က သူ့လူဖြစ်တဲ့ ဦးမျိုးဇော်သိန်း(သမဝါယမဝန်ကြီးအဖြစ်ခန့်အပ်) ကိုပဲ ပြန်ဆွဲခေါ်သွားတယ်။ ပြည်ခိုင်ဖြိုးပါတီထဲမှာ တကယ်တော်တဲ့ တကယ်အရည်အချင်းရှိတဲ့သူတွေ အများကြီးပေမယ့် အစိုးရအဖွဲ့မှာ ၂ ဦး၊ ၃ ဦးကလွဲရင် ပါဝင်ခွင့် မရကြဘူး” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရှင်းပြသည်။

မင်းအောင်လှိုင်က ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်သည့် ခင်မောင်စိုး၊ မောင်မြင့်၊ ဒေါက်တာမောင်သင်းတို့ ၃ ဦးကိုသာ အစိုးရအဖွဲ့အတွင်း ဝန်ကြီးအဖြစ် ခေါ်ယူခဲ့ပြီး တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနမှာ ခင်မောင်စိုးကို အလုပ်သမားဝန်ကြီး၊ မောင်မြင့်ကို ဟိုတယ်/ခရီး၊ယဉ်ကျေး မှုဝန်ကြီးနှင့် ဒေါက်တာမောင်သင်းကို လူငယ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း၊ အရေးမပါသော ဝန်ကြီးဌာနတွင်သာ ဝန်ကြီးများအဖြစ် ခန့် အပ်ခဲ့ကြောင်း ဝေဖန်သုံးသပ်ကြသည်။

“ဦးခင်မောင်စိုးဆိုရင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ လျှပ်စစ်ဝန်ကြီးလုပ်ခဲ့တယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တစ်လျှောက်လုံးလုပ်ခဲ့တယ်။ သူ့ကိုဆိုရင် လျှပ်စစ်စွမ်းအားဝန်ကြီးအဖြစ်ပေးသင့်ပေမယ့်လည်း မပေးဘဲ အရေးမပါတဲ့ အလုပ်သမားဝန်ကြီးဌာနကို ကိုင်ခိုင်းတယ်။ ဆရာဦးမောင်မြင့်ဆိုရင် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ စက်မှုဝန်ကြီး၊ အလုပ်သမားဝန်ကြီးအဖြစ်လုပ်ခဲ့တာ။ အခု အစိုး ရအဖွဲ့သစ်မှာ ဟိုတယ်/ခရီး ဝန်ကြီး အဖြစ်ပဲပေးတယ်။ ဆရာကြီး ဒေါက်တာမောင်သင်းဆိုရင် ပါမောက္ခချုပ်လည်းဖြစ်တယ်၊ ပညာရေးကဏ္ဍမှာ အသိဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ ပညာရေးဝန်ကြီးမပေးဘူး။ လူငယ်ရေးရာဝန်ကြီးဆိုပြီးပေးတယ်။ သူ့ကျွမ်းကျင်တဲ့ ပညာရပ်ပိုင်းနယ်ပယ်မှာ ဝန်ကြီးရာထူးမပေးဘူး။ မည်ကာမတ္တ ခေါ်တာမျိုး။မကောင်းတတ်လို့ ခေါ်တာမျိုးလို့ ဖြစ်တယ်လို့ ပါတီအတွင်းမှာ ဝေဖန်ကြတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် ကြံ့ဖွတ်ပါတီအတွင်းမှ ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများကို ခေါ်ယူရန် လက်တွန့်နေခြင်းမှာ အစိုးရဖွဲ့အသစ်အတွင်း ၎င်း၏ ဩ ဇာတည်ဆောက်မှု အပေါ် စိန်ခေါ်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သည်ဟု ကြံ့ဖွတ်ပါတီအတွင်း ဝေဖန်သုံးသပ်ကြသည်။

“အစိုးရအဖွဲ့မှာ သူနိုင်တဲ့သူတွေ၊ ခြေနိုင်လက်နိုင် ပြောနိုင်ဆိုနိုင်တဲ့သူတွေကိုပဲ အဓိက ဝန်ကြီးဌာန နေရာတွေ ဝန်ကြီးတွေ ပေး​ပြီး ခေါ်တယ်လို့ ဒီလိုပဲ ယူဆကြတယ်။ သူ့ဩဇာ ညောင်းနိုင်တဲ့ အငယ်တွေ၊ အရပ် သားပညာရှင်တွေကို ဦးစားပေးခေါ်သွားတဲ့ သဘောလို့ သုံးသပ်တယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ဆိုသည်။

မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းတို့ကို ကြံ့ဖွတ်ပါတီမှတစ်တင့် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ပြီး ဒုတိယသမ္မတ ၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌများပေးအပ်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်ဘက်မှ ၂၀၂၅ ရွေးကောက်ပွဲဝင်ရန် ရောက်ရှိလာသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများနှင့် ကြံ့ဖွတ်ပါတီ သန္ဓေအဖွဲ့ဝင်များအကြားတွင်လည်း အဆင်မပြေမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ ခိုင်းစေချက်ဖြင့် ကြံ့ဖွတ်ပါတီမှ ရွေးကောက်ပွဲဝင်ခဲ့သော ဒုတိယဗိုလ် ချုပ်ကြီးဟောင်း ကံမြင့်သန်း (OTS-66) ၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း တေဇကျော် (DSA – 28)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ (DSA – 29)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း လင်းအောင် (DSA 26)၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း စိုးတင့်နိုင် (DSA-31) တို့မှာ ကြံ့ဖွတ်ပါတီတွင် ဆက်လက်ကျန်ရှိနေဆဲဖြစ် သည်။

ဓာတ်ပုံ- ဧပြီလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ကြံ့ဖွတ်ပါတီအတွင်း တွေ့ဆုံပွဲမြင်ကွင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article