30 C
Yangon

KNU က ကော်သူးလေပဋိညာဉ်ကို အတည်ပြုပြီး ကော်သူလေး အတိုင်ပင်ခံကောင်စီနှင့် ကော်သူလေး အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ဖက်ဒရယ်ယူနစ် ထူထောင်ရေး ခြေလှမ်း သစ်စတင်

Must read

ရန်ကုန်၊ ဧပြီ ၁၀

ကရင်အမျိုးသားအစည်းအရုံး (KNU)က တော်လှန်ရေးကာလအတွင်း ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးအတွက် အရေးပါသော ကော်သူးလေပဋိညာဉ်ကို အတည် ပြုလိုက်ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတို့ကို စနစ်တကျ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာသည်။

မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲတွင် ကာလ ၂ နှစ်ကျော်ကြာမျှ အချိန်ယူရေးဆွဲခဲ့သည့် ပဋိညာဉ်မူကြမ်းကို ကိုယ်စားလှယ်ပေါင်း ၅၈ ဦးတို့က အကြေအလည် ညှိနှိုင်းဆွေးနွေးကာ အတည်ပြုခဲ့ကြပြီး ကော်သူလေး အုပ်ချုပ်ရေးကောင်စီနှင့် အတိုင် ပင်ခံကောင်စီကိုပါ တစ်ပါတည်း ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။

ယခုဖွဲ့စည်းလိုက်သော ကော်သူးလေအတိုင်ပင်ခံကောင်စီ (Kawthoolei Consultative Council – KCC) သည် ဖက်ဒရယ်ယူနစ် တည်ဆောက်ပုံဖော်ရာတွင် ဒေသန္တရကိုယ်စားပြုမှုများ အားကောင်းလာစေရန်နှင့် လိုအပ်သော အကြံပြုချက်၊ နည်းပညာပံ့ပိုးမှုများပေးရန် လမ်းညွှန်ဆောင်ရွက်သွားမည် ဖြစ်သည်။

အလားတူ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (Kawthoolei Governing Council – KGC) သည်လည်း လက်ရှိ KNU ၏ အုပ်ချုပ်ရေးဌာန ၁၂ ခုအနက်မှ ဌာန ၇ ခုဖြင့် အစပြုကာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အုပ်ချုပ်ရေးစံနှုန်းများ ကောင်းမွန်စေရေး ဆောင် ရွက်သွားမည်ဖြစ်ပြီး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနကို ၈ ခုမြောက်ဌာနအဖြစ် အသစ်တိုးချဲ့ဖွဲ့စည်းထားသည်။

အဆိုပါ ကော်သူလေး ဆိုင်ရာကောင်စီနှစ်ရပ်လုံးအတွက် ပါဝင်မည့် လူပုဂ္ဂိုလ်များနှင့် ဌာနမှူးအမည်စာရင်းများကိုလည်း ကနဦးအတည်ပြုပြီး ဖြစ်ကြောင်း၊ အဆိုပါ ပဋိညာဉ်အတည် ပြုပွဲသို့ KNU ဗဟိုနှင့် ခရိုင် ၇ ခုမှ တာဝန်ရှိသူများ၊ လူငယ်၊ အမျိုးသမီးနှင့် လူမျိုး စုကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း၊ ၂၀၂၀ ရွေးကောက်ခံ ကိုယ် စားလှယ်များမှာမူ နယ်မြေအခြေ အနေအရ မတက်ရောက်နိုင်ခဲ့ဘဲ ၎င်းတို့နှင့် သီးခြားတွေ့ဆုံ ၍ အကြံ ပြုချက်များ ရယူခဲ့ကြောင်း သိရှိရသည်။

ကော်သူးလေပဋိညာဉ်သည် “အောက်ခြေမှအထက်သို့” ဖက်ဒရယ်ထူထောင်ရေး မူဝါဒဖြင့် စစ်အာဏာရှင်စနစ်ကို ဘက်ပေါင်းစုံမှ တိုက်ဖျက်ရင်း တော်လှန် ရေးအလွန် အသွင်ကူးပြောင်းရေးကာလသို့ စနစ်တကျ ကူးပြောင်းနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

KNU အနေဖြင့် ယခုအတည်ပြုလိုက်သော ကော်သူးလေပဋိညာဉ်ကို အခြေခံ ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကော်သူးလေဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက် လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး၊ ပဋိညာဉ်အပြည့်အစုံကိုလည်း မကြာမီ အများ ပြည်သူ သိရှိစေရန် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲများအရ လိုအပ်ပါက ပြန်လည်မွမ်းမံပြင်ဆင်နိုင်ရန်အတွက်လည်း ပဋိညာဉ်ပြင်ဆင်သုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားကြောင်းနှင့် အများပြည်သူအနေဖြင့် သိရှိလိုသည်များကို သတ်မှတ်ထားသော ဆက်သွယ်ရန်လိပ်စာများမှတစ်ဆင့် မေးမြန်းအကြံပြုရန် ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article