ရန်ကုန်၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ပျူစောထီး ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်၊ Y-12 များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၅ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ပြီး သလဲဘာပျူစောထီးရွာ၊ ငွေတွင်းပျူစောထီးရွာနှင့် စပါးတွင်းပျူစောထီးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာ နေရာကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် လက်ရှိချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ဒရုန်းများနှင့် လေယာဉ်များလည်း ဆက်လက် ပျံဝဲနေကြောင်း၊ ထို့ပြင် စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရှိရသည်။
“တိုက်ပွဲက ဖြစ်နေတုန်းပဲ စစ်ခွေးလေယာဉ်တွေက ဗုံးကျဲနေတာ မနက်တည်းက ကျဲနေတာ ဂျက်ဖိုက်တာတွေကော Y-12 လေယာဉ်တွေနဲ့ကော ကျဲနေတာ Y-12 က ဗုံးကျဲချတာ အကြိမ် တော်တော်များတယ်။ ၁၀၀ နီးပါးလောက်ရှိတယ်။ လက်နက်ကြီးတွေကလည်း တောက်လျှောက်ကို ပစ်နေတယ်။ ဒရုန်းတွေက တော်လှန်ရေး ဘက်ကကော စစ်ခွေးတွေ ဘက်က အပြန်အလှန်ကျဲနေကြတယ်။ လက်နက်ကြီးပေါက်ကွဲသံတွေ လက်နက်ငယ် ပစ်ခတ်သံတွေက ကြားနေရတုန်းပဲ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် လော်ဘီများကလည်း ၎င်းတို့ တယ်လီဂရမ်များတွင် အရာတော်မြို့နယ် စပါးတွင်းပျူစောထီးရွာနှင့် သလဲဘာပျူစောထီးရွာများ၌ တိုက်ပွဲများ ပြင်းထန်နေကြောင်း ရေးသားထားသည်။




