ရန်ကုန်၊ ဧပြီ ၁၅
ကရင်ပြည်နယ်တွင် သင်္ကြန်အကျနေ့ စစ်တပ်က မူတြော်အခြေခံအဆင့်မြင့်ကောလိပ်ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ကျောင်းဆောင်များစွာ ပျက်စီးဆုံးရှုံးသွားကြောင်း ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနက သတင်းထုတ်ပြန်သည်။
ယမန်နေ့ သင်္ကြန်အကျနေ့ ဖြစ်သော ဧပြီလ ၁၄ ရက်နေ့တွင် စစ်ကောင်စီတပ်က လေ ကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကရင်ပြည်နယ်ရှိ မူတြော်အခြေခံအဆင့်မြင့်ကောလိပ် (Mutraw Junior College – MTJC) ဝင်းအတွင်းရှိ ကျောင်းဆောင်များစွာ ပြင်းထန်စွာ ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဝင်းအတွင်းရှိ အဓိက အဆောက်အအုံများဖြစ်သည့် ကျောင်းသားဆောင်နှင့် ကျောင်းသူဆောင်များ၊ နှစ်ထပ်ရုံးခန်း အဆောက် အအုံတစ်လုံးနှင့် နှစ်ထပ်စာကြည့်တိုက် အဆောက်အအုံတစ်လုံးတို့မှာ လုံးဝပျက်စီးသွားခဲ့သည်။
ထို့အပြင် အခန်း ၄ ခန်းပါ စာသင်ဆောင်တစ်လုံး၊ အသံလွှင့်ခန်းဆောင်နှင့် ကျောင်းခန်းမဆောင်တို့လည်း ဗုံးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်သည် သင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သဖြင့် ကျောင်းပိတ်ထားချိန်ဖြစ်သောကြောင့် ကျောင်းဝင်းအတွင်း ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ ရှိမနေသည့်အတွက် ကံကောင်းထောက်မစွာဖြင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ကောလိပ်တာဝန်ရှိသူတစ်ဦးက “ရုံးခန်း၊ စာကြည့်တိုက်နဲ့ အဆောင်တွေကတော့ အကုန် လုံးနီးပါး ပျက်စီးသွားပါပြီ။ ဒါတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အကြီးအကျယ် လုပ် ဆောင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိပါဘူး” ဟု ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းပြသည်။
မြန်မာပြည်သူတစ်ရပ်လုံး နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေကြသည့် အချိန်အခါမျိုးတွင်ပင် စစ်တပ်က ဒီမိုကရေစီအင်အားစုများကို အကြမ်းဖက်တိုက်ခိုက်နေပြီး အရေးပါသည့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။







