30 C
Yangon

ဘင်္ဂလားဒေ့ရှ်အစိုးရက တက်ကနက်ဆိပ်ကမ်းပြန်လည် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံနှင့် ကုန်သွယ်မည်ဟု ကြေညာသော်လည်း ရခိုင်ဒေသကို AA ကသာ ထိန်းချုပ်ထား၍ ကုန်သွယ်ရေးမစနိုင်သေး

Must read

ရန်ကုန်၊ ဧပြီ ၁၆

ဘင်္ဂလားဒေ့ရှ်အစိုးရက ရခိုင်နှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ တက်ကနက်ဆိပ်ကမ်းပြန်လည် ဖွင့်လှစ်ပြီး မြန်မာနိုင်ငံနှင့် ကုန် သွယ်မည်ဟု ကြေညာသော်လည်း ရခိုင်ဒေသကို AA ကသာ ထိန်းချုပ်ထား၍ ကုန် သွယ်ရေးမစနိုင်သေးကြောင်းဘင်္ဂလားဒေ့ရှ်မှ လာသော သတငးများအရ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော လုံခြုံရေးအခြေအနေနှင့် မရေရာမှုများကြောင့် ၁ နှစ်နီးပါး ရပ်တန့်နေခဲ့သည့် တက်ကနက် (Teknaf) ကုန်းတွဲဆိပ်ကမ်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဧပြီလဆန်းပိုင်းတွင် ပြန်လည်လည်ပတ်ရန် ကြေညာခဲ့သော်လည်း လက်တွေ့တွင် ကုန်သွယ်ရေးများလုံး၀ မစတင်နိုင်သေးကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် ရေကြောင်းပို့ဆောင်ရေးဝန်ကြီး ရာဇစ်အာဆန် (Razib Ahsan) က ဧပြီလ ၆ ရက်နေ့တွင် ဆိပ်ကမ်းသို့ သွားရောက်စဉ် “ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်၊ ကမ်းခြေစောင့်တပ်၊ BGB နယ်ခြားစောင့်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းညှိနှိုင်းပြီး ယနေ့မှစ၍ လုပ်ငန်းများ ပြန်လည်စတင်ရန် ဆုံးဖြတ်လိုက်ပြီ” ဟု ပြောကြားသည်။

သို့သော် လက်တွေ့တွင်မူ ကုန်သွယ်မှုလုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးကြောင်း ဆိပ်ကမ်းအရာရှိများက ဆိုသည်။

Cox’s Bazar ကုန်သည်ကြီးများအသင်း (CBCCI) ဥက္ကဋ္ဌဟောင်း အဘူမာရှက် ချောင်ဒရီခိုကာ (Abu Morshed Chowdhury Khoka) က ဆိပ်ကမ်းပြန်ဖွင့်ခြင်းကို ကြိုဆိုသော်လည်း နတ်မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်နေဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။

တက်ကနက်ဆိပ်ကမ်း C&F ကိုယ်စားလှယ်များအသင်း ဥက္ကဋ္ဌ အီတက်ရှာမူဟက် ဘဟာဒူး (Ehteshamul Haque Bahadur) က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအကြား ကုန်သွယ်ရေးသဘောတူညီချက် ရှိသော်လည်း လက်တွေ့တွင် သွင်းကုန်လုပ်ငန်းများမှာ အချိန်အတော်ကြာ တုံ့ဆိုင်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ဆိပ်ကမ်းပြန်ဖွင့်လျှင်ပင် စာရွက်စာတမ်းများ၊ ငွေကြေးအခြေချမှုများ၊ LC ခွင့်ပြုချက်နှင့် ဒေါ်လာအရောင်းအဝယ်များကို ပြန်လည်ပြင်ဆင်ရဦးမည် ဖြစ်သဖြင့် ကုန်စည်များ ချက်ချင်းရောက်ရှိလာနိုင်ဦးမည် မဟုတ်ဟု သူက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် ကုန်သည်များအနေဖြင့် အာရက္ခတပ်တော် (AA) နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆွေးနွေးမှုပြုလုပ်ရန် အစီအစဉ်မရှိဟု ပြောဆိုကြပြီး အဆိုပါကိစ္စမှာ နိုင်ငံတော်အဆင့် ကိစ္စရပ်သာဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် ၁၉၉၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တက်ကနက်ဆိပ်ကမ်းကို တရားဝင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်အများစုနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ၂၇၁ ကီလိုမီတာတစ်လျှောက်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။

လတ်တလော နတ်မြစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့များ က စိုးမိုးထားပြီး ကုန်တင်သင်္ဘောများကို တားဆီးကာ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ကုန်သည်များက ဆိုသည်။ ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် နောက်ဆုံးသစ်တင်သင်္ဘော ရောက်ရှိခဲ့ပြီးနောက်ပိုင်း သွင်းကုန်လုပ်ငန်းများ လုံးဝရပ်တန့်သွားခဲ့သည်။

CBCCI ဒါရိုက်တာဟောင်း ဆာဂါ (Abed Ahsan Sagar) က ဆိပ်ကမ်းပြန်ဖွင့်ရုံဖြင့် ပြဿနာမပြေလည်နိုင်ဘဲ မြန်မာ့ရေပိုင်နက်ကို ရှောင်ကွင်းနိုင်မည့် လမ်းကြောင်းအသစ်များကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် တူးဖော်ဖန်တီးသင့်ကြောင်း အကြံပြုထားသည်။

ထို့ပြင် မြန်မာကုန်သည်များထံတွင် ဘင်္ဂလားဒေ့ရှ်ကုန်သည်များ၏ ငွေကြေး ဒေါ်လာ ၉ သန်းခန့် ပိတ်မိနေပြီး ကုန်သွယ်မှုပြန်စမှသာ အဆိုပါငွေကြေးများကို ပြန်လည်ညှိနှိုင်းနိုင်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ဆိပ်ကမ်းကို နည်းပညာအရ ဖွင့်လှစ်ထားပြီဟု ဆိုသော်လည်း နယ်စပ်လုံခြုံရေးနှင့် မြန်မာနိုင်ငံဘက်က တိုက်ပွဲများကြောင့် ကုန်စည်များ လက်တွေ့စီးဆင်းရန်မှာ အချိန်ယူရဦးမည့် အနေအထား ဖြစ်သည်ဟု သတင်းများက ဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article