ရန်ကုန်၊ ဧပြီ ၁၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ် ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်တွေက အရာတော်မြို့နယ်ထဲ ပတ်ဝဲပြီး ရွှေဘိုမြို့နယ် တောင်ခြမ်းကို ဆက်တိုက် ဗုံးကျဲသွားတာ ထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်တစ်ဦးက ပြောဆိုသည်။
ထို့ပြင် အရာတော်မြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ပျူစောထီးကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း၊ ထို့ပြင် အရာတော်မြို့နယ် ပကဖ ကလည်း အရာတော် – ရွာသာကြီးလမ်းပိုင်း၊ အရာတော် – ထီးဆောင်းလမ်းပိုင်း နှင့် အရာတော်မြို့အဝင်အထွက် လမ်းများကို အသုံးပြုသွားလာခြင်း မပြုလုပ်ရန် ထုတ်ပြန်ထားသည်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ဝဲလောင်ရွာမှ ပြည်သူ ၄ ဦးကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဝဲလောင်ရွာထဲကို ဝင်ရောက်လာပြီး ပြည်သူ ၁၀ ဦး၏ အမည်စာရင်းများဖြင့် လာရောက်ရှာဖွေခဲ့သော်လည်း ပြည်သူ ၄ ဦးကိုသာ တွေ့ရှိခဲ့ပြီး ရိုက်နှက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားသောပြည်သူများကို မည်သည့် နေရာ၌ ဖမ်းဆီးထားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဧပြီလ ၁၂ ရက်နေ့ ညပိုင်းက စစ်ခွေးတွေက ဝဲလောင်ရွာကို ဝင်ရောက် စီးနင်းပြီး ဝဲလောင်ရွာထဲက ပြည်သူ ၄ ဦးကို ရိုက်နှက် ဖမ်းဆီးသွားတယ်။ စစ်ခွေးတွေက အမည်စာရင်းနဲ့လာတာ သူတို့ လာရှာတာက ၁၀ ဦး အကုန်လုံးဖမ်းမမိဘူး။ ၄ ဦးကိုပဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ဖမ်းခေါ်သွားလဲတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၎င်းတို့ သံသယရှိသည့် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းကြောင့် စစ်တပ် စစ်ကြောင်းများရောက်ရှိလာပါက ပြည်သူများ တိမ်းရှောင်နေကြရန် ဒေသတွင်း တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားသည်။




