30 C
Yangon

ရမည်းသင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးက ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရေး လျှောက်ထားမှုများကို လာဘ်ငွေယူ လုပ်ဆောင်သည့်အပြင် ငလျင်သင့်အိမ်ခြေစာရင်းများ မှားယွင်းတင်ပြသဖြင့် ပြည်သူများစွာ နစ်နာ

Must read

ရန်ကုန်၊ ဧပြီ ၁၆

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် ငလျင်ကြောင့် ပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ရန် လျှောက်ထားမှုများကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လာဘ်ငွေယူ၍ လုပ်ဆောင်ပေးနေသည့်အပြင်၊ အိမ်ခြေစာရင်းများကိုပါ မှားယွင်းတင်ပြနေမှုကြောင့် ဒေသခံပြည်သူများစွာ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဖိုးသာအောင်၊ စာရေးနှင့် ရာအိမ်မှူးများက မြေပြင်ရှိ အမှန်တကယ် ပျက်စီးမှုအခြေအနေများကို လျစ်လျူရှုကာ ပျက်စီးသွားသော ၂ ထပ်တိုက်နှင့် ၃ ထပ်တိုက် နေအိမ်ကြီးများကို ၁ ထပ်တိုက်စာရင်းများအဖြစ် ပြောင်းလဲတင်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ စာရင်းများ မှားယွင်းနေခြင်းကြောင့် အဆင့်မြင့်အိမ်ပိုင်ရှင်များမှာ ထိုက်သင့်သည့် ထောက် ပံ့ကြေးမရဘဲ နစ်နာနေရသကဲ့သို့၊ အုပ်ချုပ်ရေးအဖွဲ့ကို သွားရောက်ပြောဆိုရာတွင်လည်း ငေါက်ငမ်းလွှတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“အိမ်တစ်အိမ်ကို ထောက်ပံ့တဲ့ ဘိလပ်မြေ ၅၆ လုံးနဲ့ သံချောင်းတွေကို ပေးတဲ့နေရာမှာလည်း သံ ချောင်းတွေက ၁ တန်မပြည့်ဘူး။ အဲဒီသံချောင်းတွေကို ပြန်ရောင်းလို့ရတဲ့ ငွေထဲကမှ ‘အလှူငွေ’ ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က ပြန်တောင်းသေးတာ။ အဓိကကတော့ ပိုက်ဆံပေးနိုင်တဲ့သူတွေကို ဦးစားပေးလုပ်ပေးပြီး ကျွန်တော်တို့လို တကယ်ထိခိုက်တဲ့သူတွေကိုကျတော့ စာရင်းတွေမှားတင်ပြီး ဒုက္ခပေးနေတာပါ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ပျက်စီးသွားသော ၁ ထပ်တိုက် အိမ်တစ်လုံးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀၈ သိန်းခန့် ရရှိနေသော်လည်း၊ အုပ်ချုပ်ရေးအဖွဲ့၏ အဂတိလိုက်စားမှုနှင့် စာရင်းဇယား ပေါ့လျော့မှုများကြောင့် ၂ ထပ်၊ ၃ ထပ်တိုက် ပိုင်ရှင်များမှာလည်း ၁ ထပ်တိုက်စာရင်းဖြင့်သာ ထောက်ပံ့မှုရတော့ကြောင်း သိရှိရသည်။

အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ ငလျင်သင့်အိမ်ခြေစာရင်းများကို မြေပြင်တွင် အမှန်တကယ် ပြန် လည်စုံစမ်းစစ်ဆေးပေးရန်နှင့် အုပ်ချုပ်ရေးအဖွဲ့၏ လာဘ်ပေးလာဘ်ယူမှုများကို အရေးယူပေးရန်ဒေသပြည်သူများက တောင်းဆိုသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းမြို့နယ်ကို အခြေပြု လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လူ ၃၃၀၀ ဦးကျော် သေဆုံးပြီး၊ ၂၂၀ ခန့် ပျောက်ဆုံးလျက်ရှိကာ ၄၇၉၀ ဦး ဒဏ်ရာရရှိကာ သေဆုံးမှုများမှာ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တို့တွင် အဓိက အများဆုံး ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတွင် ပျက်စီးမှုများစွာ ကြုံတွေ့ရစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article